BREAKING
September 16, 2024

ရွှေအရောင်း၊ အဝယ်အတွက် အခွန် ၃ ရာခိုင်နှုန်း ကောက်မည်ဟု စစ်ကောင်စီထုတ်ပြန်

August 30, 2024

ရွှေထည်များအပါအဝင် ရွှေအရောင်းအဝယ်ပြုတိုင်း အခွန် ၃ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီက အခွန်အကောက်ဥပဒေကို ပြင်ဆင်သတ်မှတ်ကာ ထုတ်ပြန်လိုက်သည်။

ယင်းကြောင့် လက်ရှိပေါက်စျေးအရ အခေါက်ရွှေတစ်ကျပ်သားဝယ်လျှင် ငွေကျပ်နှစ်သိန်း အခွန်ပေးရမည်ဖြစ်ပြီး ရွှေထည်များအတွက်လည်း အခွန်ဆောင်ရမည်ဖြစ်သည်။

စစ်ခေါင်းဆောင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်သည့် ၂၀၂၄ ခုနှစ် အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ယင်းကဲ့သို့ တင်းကျပ်လိုက်ခြင်းဖြစ်သည်။

ထိုဥပဒေမှာ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက ပြင်ဆင်လိုက်သည့် ဥပဒေတွင် ရွှေချောင်း၊ရွှေတုံးနှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

ထိုကြောင့် လက်ရှိအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၇၀ ပေါက်ဈေးရှိနေသည့်အတွက် အခေါက်ရွှေ တစ်ကျပ်သားဝယ်လျှင် နှစ်သိန်းတစ်သောင်းကျပ် ကုန်သွယ်လုပ်ငန်းခွန် ဆောင်ရမည်ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ငွေကို ရွှေဆိုင်ဘက်က ရွှေဝယ်ဘောက်ချာတွင် အခွန်တံဆိပ်ခေါင်း ကပ်ပေးရမည်ဖြစ်ပြီး ဝယ်ယူသူက အခွန်ငွေပေးရမည်ဖြစ်သည်။

ရွှေထည်များ ပြည်ပမှ တင်သွင်းခြင်း၊ တင်ပို့ခြင်း သို့မဟုတ် ပြည်တွင်း၌ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့တွင် အခွန်ပေးဆောင်ရမည်ဖြစ်ပြီး ခုနှိမ်ခွင့်မရှိသဖြင့် အရောင်း၊အဝယ်ပြုတိုင်း အခွန်ပေးဆောင်ရမည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစကာ ပြည်တွင်းရွှေစျေး အပြောင်းအလဲများခဲ့ပြီး ယခုနှစ်ဆန်းတွင် အလှုပ်အရမ်းပိုများခဲ့ကာ ရွှေတစ်ကျပ်သား ကျပ်သိန်း ၇၀ ကျော်အထိ အတက်၊အကျများခဲ့သည်။

လက်ရှိတွင် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက တရားဝင်ဈေးရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့် ရောင်းဝယ်နေကြသည်။

ထိုသို့ ကြိုက်ရောင်းကြိုက်ဝယ်ပုံဖြင့်ရောင်းဝယ်နေချိန်တွင် ရွှေဆိုင်အများစုက ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးမည့် အခြေအနေမရှိနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“တရားဝင်တော့လည်း တော်ရုံကတော့ သူတို့ပြောသလို အခွန်မဆောင်လောက်ကြဘူး။ ခိုးခိုးဝှက်ဝှက်နဲ့ပဲ လုပ်ကြမှာပဲ”ဟု၎င်းက ပြောသည်။

ယင်းအခွန်အကောက်ဥပဒေကို မပြင်ဆင်မီက ရွှေအထည်ပစ္စည်းရောင်းချသည့်အပေါ် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ၁ ရာခိုင်နှုန်းသာ သတ်မှတ်ကောက်ခံခဲ့သည်။

ယင်းအချိန်ကလည်း ရွှေလာဝယ်သူက မျက်နှာစိမ်းဖြစ်နေပါက ဘောက်ချာတွင် ကုန်သွယ်လုပ်ငန်းခွန်အတွက် အခွန်တံဆိပ်ခေါင်းကို ရွှေဆိုင်ပိုင်ရှင်ဘက်က ကပ်ပေး(ကျခံ)ပြီး ဖောက်သည်မျက်နှာသိဖြစ်နေပါက ကပ်ပေးလေ့မရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အခုက သုံးရာခိုင်နှုန်းဖြစ်လာပြီဆိုတော့ ဆိုင်ဘက်ကနေ ကပ်ပေးဖို့က ပိုပြီးဝန်ကြီးလာတာပေါ့။ သိပ်မဖြစ်နိုင်ဘူး ထင်တယ်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

နိုင်ငံတစ်ဝန်းဖြစ်ပွားနေသည့် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ပြည်သူများ အထွေထွေအကျပ်အတည်းကြုံနေရချိန်တွင် စစ်ကောင်စီက အခွန်နယ်ပယ်ချဲ့ထွင်ပြီး အခွန်အခများတိုးကောက်လာခြင်းဖြစ်သည်။