BREAKING
January 14, 2025

ကလိန်အောင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ပြီး စစ်အင်အားပြ

August 30, 2024

ပုံစာ - ခမရ ၄၁၀ မှ အဆောက်အအုံ အချို့အား ဝေဟင်မှမြင်တွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - KBDF drone တပ်ဖွဲ့

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဩဂုတ်လ ၂၉ ရက်ညက စစ်ကောင်စီ အမှတ် ၄၁၀ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ကြောင်း မြို့ခံများက ပြောသည်။

ည ၇ နာရီဝန်းကျင်တွင် မြို့တွင်းဘက်သို့ လက်နက်ကြီး တစ်ချက် ပစ်ခတ်ပြီး ည ၈ နာရီ နှင့် ၉ နာရီဝန်းကျင်တွင် မိကျောင်းလှောင်၊ ရာဖူး စသည့် ရေး – ထားဝယ်ကားလမ်းပေါ်ရှိ ကျေးရွာများဘက်သို့ ငါးချက် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

မြို့တွင်းသို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ အမှတ် (၃) ရပ်ကွက် အောင်သီရိဘုရားကုန်းအနောက်ဘက် တောထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃ဝ ရက် နံနက်တွင်မူ ကျောက်ရှပ်ရွာအခြေစိုက် ခမရ ၄၁ဝ တပ်ရင်းဘက်က စစ်ကောင်စီတပ်သား ၃ဝ ဝန်းကျင်သည် ကလိန်အောင်တံတားဘက်သို့ လက်နက်အပြည့်အစုံဖြင့် ခြေလျင်လာကြကြောင်း မြို့ခံများထံမှ သိရသည်။

“လက်နက်ကြီးက မပစ်တာကြာပြီ၊ ညကမှ ပြန်ပစ်တယ်။ ပြီးတော့ အခုလို အင်အားပြလမ်းလျှောက်တာကလည်း ထူးထူး ဆန်းဆန်းပဲ။ ဘာရည်ရွယ်ချက်လဲတော့ မသိဘူး။ သတင်းတစ်ခုခုရထားလို့ ထင်တယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၉ ရက် ညတွင်ပင် ရေဖြူမြို့နယ် ၊ ပယရွာ နှင့် ဇာဒီရွာကြားတွင် ရှိသည့် ရှားကုန်းဂိတ်တွင်လည်း သေနတ်ပစ်ခတ်သံထပ်ကြားရကြောင်း ဒေသခံများထံမှသိရပြီး နှစ်ဖက်ပစ်ခတ်မှု ဟုတ်မဟုတ်ကိုမူ အတည်ပြုနေဆဲဖြစ်သည်။

ကလိန်အောင်မြို့ ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ရေး-ထားဝယ်လမ်းနံဘေး ကျေးရွာများ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး စစ်ရေးတည်ငြိမ်မှု ရှိနေကြောင်း ဒေသခံများက ဆိုသည်။