BREAKING
January 14, 2025

လက်နက်ကြီးကြောင့် လောင်းလုံး၊ ပြင်ကြီးရွာတွင် အိမ်တစ်လုံးပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

August 30, 2024

စစ်ကောင်စီတပ်က ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ဆန်ကြောင့် လောင်းလုံးပြင်ကြီးရွာတွင် နေအိမ်တစ်ဆောင်ထိမှန်ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောသည်။

စစ်ကောင်စီစစ်ကြောင်းမှာ ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သဘော့ဆိပ်ရွာအတွင်းမှ ရွာခြင်းဆက်ဖြစ်သည့် ပြင်ကြီးရွာ ပင်လယ်ကမ်းခြေဘက်သို့ လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အိမ်တစ်ဆောင်ထိတယ်။ မိန်းကလေးတစ်ယောက်က (ကျည်ဆန်)အစစင်တယ် ဒဏ်ရာကကြီးကြီးမားမား ရတာမျိုးတော့မဟုတ်ဘူး” ဟု၎င်းကပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်မှာ ပြင်ကြီးရွာသို့ ရောက်ရှိလာပြီး နေအိမ်အချို့ကို ရှာဖွေစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်‌တဆောင်ကိုလည်း မီးရှို့ခဲ့သည်ဟု ဒေသခံနောက်တစ်ဦးကပြောသည်။

“အိမ်က မိုးရွာနေတော့ အရမ်းလောင်သွားတာမျိုးတော့ မရှိဘူး”ဟု၎င်းကပြောသည်။

ပြင်ကြီးရွာတွင် ညအိပ်သည့် ယင်းစစ်ကြောင်းမှာ ယနေ့ နံနက်ပိုင်းအထိ ယင်းရွာဘုန်းကြီးကျောင်းတွင်ပင် ယာယီစခန်းချ နေထိုင်နေကြောင်း ဒေသခံများကပြောသည်။

ဩဂုတ်လ ၁၇ ရက် နေ့ က မောင်းမကန် စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် မောင်းမကန်၊ကျောက်ဆင်၊သဘော့ဆိပ်၊ပြင်ကြီး စသည့် ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယင်းကြောင့် ဒေသခံအများစုမှာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သို့သော် ယင်းဒေသတွင် ဩဂုတ်လ ၁၇ ရက်နေ့ နောက်ပိုင်းမှစပြီး ယနေ့အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသေးပေ။

အင်အား ၄၀ ခန့်ရှိသည့် နောက်ထပ်စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းမှာလည်း ဩဂုတ်လ ၂၈ ရက်နေ့မှစပြီး စခန်းကြီးကျေးရွာအုပ်စု၊ခမောင်းတောင်၊ထိန်တွင်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှသိရသည်။