BREAKING
October 18, 2024

ထိုင်း-မြန်မာနယ်စပ်က ကော်သူးလေ လက်နက်စခန်းတစ်ခုကို KNU သိမ်း

August 30, 2024

ထိုင်း-မြန်မာနယ်စပ်၊ တပ်မဟာ ၄ နယ်မြေ၊ ခဲမခီးရွာအနီးက ကော်သူးလေတပ်(KTLA)၏ လက်နက်စခန်းတစ်ခုကို KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း နှစ်ဖက်စစ်ရေး သတင်းအရင်းအမြစ်များထံက သိရသည်။

အဆိုပါစခန်းပတ်ပတ်လည်တွင် KNU တပ်မဟာ ၄ က မြေမြှုပ်မိုင်းများထောင်ကာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီးနောက် အင်အားအလုံးအရင်းဖြင့် စခန်းကိုဝင်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ထံမှသိရသည်။

ဩဂုတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KNU ကအင်အား ၁၀၀ကျော်ဖြင့် ယင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်အင်အား လူအင်အားမမျှသဖြင့် KTLA တပ်ဖွဲ့က နောက်ဆုတ်ပေးခဲ့ရကြောင်း ကော်သူးလေတပ်မှ ဗိုလ်စလုံးက ပြောသည်။

ဗိုလ်စလုံးမှာ KTLA အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့မှစကာ ရာထူးမှ တစ်နှစ် ယာယီရပ်ဆိုင်းခံထားရ သူဖြစ်သည်။

“ထိခိုက်မှုကတော့မရှိဘူး၊ ဒါပေမဲ့ကျွန်တော်တို့ (စစ်တပ်စခန်းက) ရထားတဲ့လက်နက်၊ကျည်ဆန်တွေကို သူတို့ပြန်ရသွားတယ်၊ နားဟေးစခန်းမှာ ကျွန်တော်တို့ သွားသိမ်းထားတဲ့ လက်နက်ခဲယမ်းတွေ၊ ကျည်ဆန်တွေ အများကြီးပဲ” ဟု ဗိုလ်စလုံးက ပြောသည်။

အဆိုပါစခန်းသည် တနင်္သာရီမြစ်ဘေးရှိ အောင်သာဝရစခန်းနှင့်ပိုနီးပြီး KNU တပ်မဟာ စစ်ကြောင်းလှုပ်ရှားသည့်နယ်မြေနှင့် တပ်ရင်း ၇ နယ်မြေကြားတွင် တည်ရှိသည်ဟု KNLA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

KNU တပ်မဟာ ၄ ၏ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌကလည်း ဩဂုတ်လ ၂၈ ရက်တွင် ခဲမခီးရွာက KTLA စခန်းတစ်ခုသိမ်းပိုက်ခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ဩဂုတ်လ ၂၁ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ် တောင်ဘက်ခြမ်းရှိ ဗိုလ်စလုံးတပ်ဖွဲ့များ အခြေချနေထိုင်သည့် စခန်းတခုနှင့် KTLA ရှေ့တန်းအခြေချသည့် စခန်းငယ်တစ်ခုကို KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ဗိုလ်စလုံးက ပြောသည်။

အဆိုပါစခန်းသိမ်းခံရသည့်ဖြစ်စဉ်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး KTLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသလို သုံးဦးဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထီးခီးနယ်စပ်က စခန်းနှစ်ခုသိမ်းခံရသည့်ဖြစ်စဉ်တွင် KNU တပ်မဟာ ၄ ဘက်က လက်နက် ၁၆ လက်ရရှိခဲ့ပြီး မနေ့က သိမ်းယူခဲ့သည့် ခဲမခီးရွာက လက်နက်စခန်းမှလည်း ကော်သူးလေတပ်က စစ်ကောင်စီတပ်ထံမှ သိမ်းထားသည့် RPG လက်နက်များ၊ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ ဗုံးသီးများအပြင် စက်သေနတ်နှင့် ကျည်များသိမ်းယူရရှိခဲ့သည်ဟု ဆိုသည်။

တနင်္သာရီတိုင်းတွင် KNU/KNLA နှင့် ကော်သူးလေတပ်တို့အကြား တင်းမာမှုများရှိနေပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည်။

ဩဂုတ်လ ၂၁ ရက်ကလည်း မေတ္တာ-ထီးခီးလမ်း အိုင်ဝိုင်းရွာအနီးတွင် KNLA တပ်ဖွဲ့ကို ဗိုလ်အယ်ကွီးလ်ဦးဆောင်သည့် KTLA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်သဖြင့် KNLA တပ်ရင်း ၁၀ က ရဲဘော်တစ်ဦး သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ဇူလိုင်လ ၁၃ ရက်တွင် ရင်ကွဲတောင်ခြေ၌ KNU တပ်မဟာ အရာရှိများ၊ KNLA တပ်ရင်း တပ်ဖွဲ့အရာရှိများနှင့် စစ်သည်များလိုက်ပါလာသည့် ကားခြောက်စီးကို KTLA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ၆ ဦးဒဏ်ရာရပြီး ကားနှစ်စီးပျက်စီးခဲ့သည်။

ဇူလိုင်လ ၁၄ ရက်တွင်လည်း ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

KTLA နှင့် KNU တပ်မဟာ ၄ အောက်ခြေတပ်ဖွဲ့ဝင်အချို့မှာ အချင်းချင်းပြေလည်မှုရှိသော်လည်း အရာရှိထဲမှ ရာထူးအကြီးပိုင်းအချို့မှာ တစ်ဖက်နှင့်တစ်ဖက် လုံးဝ ညှိနှိုင်းမရဘဲ တွေ့သည်နှင့် ပစ်ခတ်မှုဖြစ်သည့်အခြေအနေဖြစ်လာသည်ဟု နှစ်ဖက်စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။