BREAKING
November 15, 2024

ဘီးလင်းတွင် လူနာပို့သည့်လူမှုကယ်ဆယ်ရေးကားပစ်ခတ်ခံရပြီး လူနာအမျိုးသမီးဒဏ်ရာရ

August 30, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာပို့သည့် လူမှုကယ်ဆယ်ရေးကားတစ်စီး ပစ်ခတ်ခံရပြီး လူနာအမျိုးသမီးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ကပြောသည်။

ပစ်ခတ်ခံရသည့် ကားသည် ကျိုက်ထိုမြို့က တောင်တန်းမေတ္တာလူမှုကူညီရေးအသင်းကားဖြစ်ပြီး ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမှ မော်လမြိုင်သို့ လူနာဆေးခန်းပြရန် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းသို့ ပို့ဆောင်စဉ် ဝင်းပြန်ကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အသက် ၄၅နှစ်အရွယ် လူနာအမျိုးသမီး ကျည်နှစ်ချက်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူနာတင်ကားက မော်လမြိုင်ကို လူနာပို့ရင်း အပစ်ခံရတာ။ ပစ်ခံရတော့ ပါလာတဲ့ လူနာအမျိုးသမီးကို ကျည်ထိမှန်သွားတယ်။ နှစ်ချက်ထိသွားတယ်” ဟု ၎င်းက ဆိုသည်။

ညာဘက်ပေါင်နှင့် ဘယ်ဘက်ခြေသလုံးတို့တွင် ကျည်ထိမှန်ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

အလားတူ ဩဂုတ်လ ၁၆ ရက်နေ့က ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အတွင်း ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ခရီးသည် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ကားများနှင့် လူမှုကယ်ဆယ်ရေး ကားများ ပစ်ခတ်ခံရသည့်ဖြစ်စဉ်၊ မိုင်းဆွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်လေ့ရှိပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။