BREAKING
January 16, 2025

စစ်ရေးတင်းမာနေသည့် တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

July 30, 2024

ပုံစာ - စစ်ကောင်စီလေတပ်၏ Mi 2 ရဟတ်ယာဉ်တစ်စီးအားတွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Defence Weapons လူမှုကွန်ရက်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၃၀ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီး ၁၃လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်က လယ်သစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် လူထိခိုက်မှုမရှိဟု ကနဦးကြားသိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“လယ်သစ်ရွာမှာက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြတ်တောက်နေတာဆိုတော့ အသေးစိတ်မသိရသေးပေမယ့် ဒေသခံတွေအနေနဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကနဦးသိထားရပါတယ်” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်ခြင်းမလုပ်မီ ဂျက်တိုက်လေယာဉ်တစ်စီးလာဝဲခဲ့သေးကြောင်း ၎င်းက ဆိုသည်။

ဇူလိုင် ၁၈ရက်ကစပြီး ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှ လယ်သစ်ရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က အထိအခိုက်များနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တိုင်းပကဖ) တာဝန်ခံ ရဲဘော်စတားကလည်း လယ်သစ်ရွာကို Mi-2 ဖြင့် ဗုံးသီးအလုံးရေ ၂၀ ခန့် ကြဲချခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“တိုက်ပွဲဖြစ်တယ်။ စခ(စကစ) တွေက လယ်သစ်အနောက်ကမ်းရွာဘက်မှာ၊ ရွာထဲမဝင်ရဲသေးပဲ ရှိနေတယ်။ ဗုံးလာကြဲသွားတာက လယ်သစ်အရှေ့ကမ်းရွာကို” ဟု တနင်္သာရီတိုင်း ပကဖတာဝန်ခံ ရဲဘော်စတားက ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များလည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောသည်။

ဇူလိုင် ၂၈ရက်ကလည်း လယ်သစ်ရွာ နယ်နိမိတ်အတွင်းရောက်လာသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်များက နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲလည်းဖြစ်ပွားခဲ့သေးသည်။