ရေတပ်သားတစ်ဦး ပျောက်နေ၍ဟုဆိုကာ မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ ရပ်ကွက်များတွင် လိုက်လံရှာဖွေနေသည်ဟု ဒေသခံများထံကသိရသည်။
ကားနှစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်သားများမှာ ခိုင်သဇင်ရပ်ကွက်နှင့် မြသီတာရပ်ကွက်များအတွင်း ဇူလိုင်လ ၂၉ ရက်နေ့က ဝင်ရောက်ရှာဖွေနေခြင်း ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
မြသီတာရပ်ကွက်ရှိ ယင်းတပ်သား၏ အဒေါ်တော်စပ်သူ နေအိမ်ကိုလည်း လာရောက်ရှာဖွေကြောင်း မြသီတာရပ်ကွက်နေသူတစ်ဦး ကပြောသည်။
“နာရေးရုံးက အစ်မတစ်ယောက်အိမ်ကို အရင်သွားတယ်။ ပြီးမှ သူတို့လိုချင်တဲ့အိမ်ကို ညွှန်ခိုင်းတယ်။ ဝင်စစ်တာကတော့ အဲဒီတစ်အိမ်ပဲ ။ ခိုင်သဇင်၊မြသီတာ ရပ်ကွက်နှစ်ခု နဲ့ဒယ်ကိုသတ္တုလုပ်ကွက် ဘက်တွေမှာတော့ ညနေအထိကားနဲ့ပတ်နေတယ်။ အိန္ဒရာဇာရွာဘက်အထွက် ပြင်ကြီးလမ်းဆုံမှာလည်း လမ်းပိတ်စစ်သေးတယ်” ဟု ၎င်း ကပြောပြသည်။
အဆိုပါတပ်သားသည် ကံပေါက်ဒေသခံဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်သားစုဆောင်းရေးမှတစ်ဆင့် စစ်ကောင်စီတပ်အတွင်းသို့ ဝင်ရောက်ခဲ့သူဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။
လက်နက်နှင့်အတူထွက်ပြေးသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယင်းအချက်အလက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ တပ်နှင့် မောရဝတီရေတပ်တို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက် သည့် ဖြစ်စဉ်များရှိခဲ့ပြီး ထွက်ပြေး၍ ပြန်အဖမ်းခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်ဟု ဒေသခံတို့ထံကသိရသည်။