BREAKING
September 19, 2024

ရေးမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းထိုးပြီးနောက် တိုက်ပွဲများဆက်တိုက်ဖြစ်

July 30, 2024

ပုံစာ - ရေး-ထားဝယ်လမ်းပိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အထူးသဖြင့် ရေးမြောက်ပိုင်းဒေသကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေပြီး တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံတို့နှင့် စစ်ရေးအခြေအနေစောင့်ကြည့်နေသူတို့က ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့တို့ နယ်မြေအများစု စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်ထဲကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ် အင်အားတိုးချဲ့လာနေပြီး ဇူလိုင်လအတွင်းမှာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေကြောင်း ၎င်းတို့က ဆိုသည်။

လတ်တလောတွင် အင်အား ၃၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းက ရေးမြို့နယ်အတွင်းကို စစ်ကြောင်းဖြန့်ခွဲ ဝင်ရောက် လာနေပြီး မော့ကနင်ကျေးရွာနှင့် အနီးအနားတဝိုက်တွင် စစ်ရေးလှုပ်ရှားနေကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး ဇူလိုင်လလယ်နှင့် လကုန်ပိုင်းအတွင်းမှာပင် တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

“မော့ကနင်းဘက်မှာ စစ်ကြောင်းတွေက ဝင်လာနေတယ်။ အခုကအဲဒီတဝိုက်မှာကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု ရှိနေတော့ တိုက်ပွဲတွေက နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်ရေးက တင်းမာနေတဲ့အခြေအနေလို့ ပြောလို့ရတယ်။ နှစ်ဖက်စလုံးက လှုပ်ရှားနေတော့လေ” ဟု စစ်ရေးအခြေအနေ စောင့်ကြည့်နေသည့် ရေးမြောက်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၂၉ ရက်နေ့ကလည်း လိမ္မော်ခြံကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာသည်နှင့် ဒေသတွင်းအခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းတို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ ဆက်တိုက်ပြုလုပ်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၂၉ ရက်က အမြောက်တပ်ရင်း ၃၁၇ က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိပြီး လိမ္မော်ခြံရွာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အခုတလောမှာ စစ်တပ်က အလုံးအရင်းနဲ့ ဝင်လာနေတာတော့ တွေ့နေရတယ်။ အင်အားဖြည့်နေတာ ဟုတ်တယ်။ တိုက်ပွဲပြင်းထန်လာမှာကိုပဲ စိုးရိမ်နေတာပေါ့။ အခုတောင် နေ့တိုင်းလိုလိုက သေနတ်သံတွေ ကြားနေရတယ်။ ဘာဆက်ဖြစ်လာမလဲတော့ မပြောတတ်ဘူး” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားတို့ ထိန်းချုပ်ထားသည့် ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် ရေးမြို့နယ်သည် တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းသည့်မြို့နယ်တစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း စစ်ရေးအခြေအနေစောင့်ကြည့်နေသူတို့က သုံးသပ်သည်။

“စစ်ကောင်စီကတော့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်လာနေတဲ့အတွက် ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်လာတာရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ကြားဖြတ်တိုက်ခိုက်တာတွေလည်း ရှိတယ်။ အဓိက ကတော့ ဒီ ရေး-ထားဝယ်လမ်းပိုင်းကို သူတို့ ပြန်လည် ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေသတွင်း စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာနေခြင်းကြောင့် ဒေသတွင်း တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်နေကြပြီး ဒေသခံအချို့မှာ တိမ်းရှောင်ခြင်း၊ ဗုံးခိုကျင်းတူးခြင်း၊ စားနပ်ရိက္ခာစုဆောင်းထားခြင်း စသည့် ပြင်ဆင်မှုများ လုပ်ဆောင်ကြကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း တိုက်ပွဲအချိန်မရွေး၊ နေရာမရွေး ဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အရေးကြီးကိစ္စမဟုတ်လျှင် မသွားလာကြရန်နှင့် မဖြစ်မနေ သွားလာရပါက သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုဘက်က အသိပေးချက် ထုတ်ပြန်ထားသည်။