BREAKING
January 16, 2025

ထိုင်းဘတ်ဈေး အမြင့်ဆုံးတက်လာပြီး တစ်ဘတ်လျှင် ၁၄၇ ကျပ်အထိ ဈေးမြောက်

July 30, 2024

ကျပ်ငွေတန်ဖိုးကျပြီး ထိုင်းဘတ်ဈေး ထိုးတက်လာသဖြင့် ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၄၇ ကျပ်အထိ ဈေးမြောက်လာကြောင်း ထိုင်း-မြန်မာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

ဇူလိုင်လ ပထမအပတ်က ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၃၀ ကျပ်ဝန်းကျင်ဖြင့် ပေါက်ဈေးရှိပြီး ကျပ် တစ်သိန်းလျှင် ဘတ် ၇၀၀ ကျော်ဖြင့် ဈေးဖွင့်ထားခြင်းဖြစ်သည်။

ထိုသို့ ဈေးငြိမ်နေရာမှ ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ထိုင်းဘတ်ဈေးထိုးတက်သွားပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၄၇ ကျပ်အထိ ဈေးတက်သွားကြောင်း ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ထို့ကြောင့် မြန်မာငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၆၈၀ ဘတ်သာ ရတော့မည်ဖြစ်သည်။

“အရင်က ၇၀၀ အောက် လုံးဝမကျဖူးဘူး။ စံချိန်တင်ပဲ” ဟု မဲဆောက်အခြေစိုက် Aung Family ငွေလွှဲလုပ်ငန်းက တာဝန်ရှိသူက ပြောသည်။

ထိုကဲ့သို့ မြန်မာကျပ်ငွေတစ်သိန်းလျှင် ဘတ် ၇၀၀ အောက်အထိ ကျလာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျပ်ငွေမှ ဘတ်ငွေလဲသူများအတွက် ကျပ်တစ်သိန်းလျှင် ၆၈၀ ဘတ်ဈေးဖွင့်ထားပြီး ဘတ်ငွေမှ ကျပ်ငွေလဲသူများအတွက်မူ ကျပ်တစ်သိန်းလျှင် ၇၁၀ ဘတ်ပေါက်ဈေးရှိနေသည်။

ထိုသို့ ငွေလဲလှယ်ရာတွင် ဝန်ဆောင်ခအနေဖြင့် ဈေးကွက်ပေါက်ဈေးနှင့် ၁၀ ဘတ်မှ ၃၀ဘတ်အထိ ဈေးခွာထားလေ့ရှိသည်။

ဥပမာအားဖြင့် ကျပ်တစ်သိန်းလျှင် ၇၀၀ ဘတ် ပေါက်ဈေးရှိနေချိန်တွင် ကျပ်ငွေမှ ဘတ်ငွေလဲလိုပါက ကျပ်တစ်သိန်းလျှင် ၆၈၀ ဘတ်သာ ရမည်ဖြစ်သည်။

ဘတ်ငွေမှ ကျပ်ငွေလဲလှယ်ပါက ထိုင်းငွေ ၇၂၀ ဘတ်ပေးပါက ကျပ်တစ်သိန်းရရှိမည်ဖြစ်သည်။

ပုံမှန်အားဖြင့် ငွေလွှဲနှုန်းကို ၁၅ ဘတ်ဝန်းကျင်သာ ဈေးခွာလေ့ရှိရာက ယနေ့တွင်မူ ဘတ် ၃၀ ကျော်အထိ ဈေးခွာထားကြကြောင်း မဲဆောက်မြို့ရှိ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ဆိုသည်။

ကျပ်ငွေတန်ဖိုးထိုးကျလာသည့်အတွက် ထိုင်းနိုင်ငံက တင်သွင်းသည့် ကုန်ပစ္စည်းများ ဈေးပိုတက်လာနိုင်ကြောင်း ၎င်းက ပြောသည်။

“အများဆုံးက ထိုင်းကပစ္စည်းတွေကိုပဲ ဝယ်သုံးကြတာများတယ်။ လက်ရှိ ရှိနေတဲ့ ပစ္စည်းတွေကိုပဲ ပုံမှန်ဈေးနှုန်းတွေနဲ့ ရောင်းနိုင်ကြမှာလေ။ နောက်လာတဲ့ ပစ္စည်းတွေအတွက်ဆို ဘယ်သူမှ အရှုံးခံပြီး မရောင်းနိုင်ဘူး” ဟု အထက်ပါ ကုန်စည် ပို့ဆောင်နေသူက ပြောဆိုသည်။

ပြည်တွင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ အရှိန်မြင့်လာသည့် တိုက်ပွဲများနှင့် လူထုက ဘဏ်များအပေါ် ယုံကြည်မှုကျဆင်း နေခြင်းတို့ကြောင့် ကျပ်ငွေအစား ပိုမိုခိုင်မာသည့် နိုင်ငံခြားငွေနှင့် ရွှေဝယ်ယူစုဆောင်းသူများလာသည်။

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာသဖြင့် အထွေထွေကုန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်လာသည်။