BREAKING
January 16, 2025

တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် ပုလောကုန်းစခန်းကို စစ်ကောင်စီတပ်စွန့်ခွာ

July 30, 2024

မြိတ်ခရိုင် ပုလောမြို့နယ်၊ ပုလောကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်(ပျူစောထီး)များ စခန်းစွန့်ခွာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယင်းစခန်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ရှိပြီး စစ်ကောင်စီတပ်၏ ခလရ ၂၈၅ တပ်ရင်းက အာဏာသိမ်းပြီးနောက် ပုလောကုန်းရွာတွင်တပ်စွဲထားခြင်းဖြစ်သည်။

တော်လှန်ရေးတပ်များက ယင်းစခန်းကိုမကြာခဏ တိုက်ခိုက်နေပြီး ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများတင်ပို့၍ မရကြောင်း ပုလောမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော့်အထင်ပြောရရင် ဒီစခန်းကနေ မဆုတ်ခင် ၅ မိုင်မှာတိုက်ပွဲဖြစ်တယ်၊ ၅ မိုင်တိုက်ပွဲမှာ ဗိုလ်တွေအရာရှိတွေကျတယ်ဆိုတော့ တပ်ရင်းအခြေအနေတွေ ကစဉ့်ကလျားဖြစ်နေလို့ ပြန်ဆုတ်တာလို့ထင်တယ်၊ အခုက သူတို့တပ်ရင်းတွေမှာလည်း အင်အားမလုံလောက်ဘူး။ အင်အားနည်းနေတယ်ပေါ့ တိုက်ပွဲဖြစ်ရင် လာကူနိုင်တဲ့ အနေအထားမရှိတော့ ပြန်ဆုတ်သွားလို့ထင်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။

ဇူလိုင်လ ၁၀ ရက်က တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာတိုက်ပွဲတွင် ခလရ ၂၈၅ တပ်ရင်းက ဗိုလ်မှူးသက်ထွန်းအောင်အပါအဝင် တပ်ကြပ် ၃ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း KNDO နှင့် PDF ပူးပေါင်းတပ်များက ရရှိခဲ့သည်။

ယင်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် အလောင်းများကို စစ်ကောင်စီတပ်က လာရောက်ကောက်ယူနိုင်ခြင်းမရှိဘဲ တပ်အင်အားနည်းနေသဖြင့် ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များ ပြန်ဆုတ်သွားခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

ပုလောကုန်းစခန်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်ချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၍ ပျူစောထီးတစ်ဦးသေသည်ဟု သိရကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ယခုလဆန်းပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် တနင်္သာရီမြို့နယ်မှ မိုးကဖော့စခန်းကို စစ်ကောင်စီတပ်များ စွန့်ခွာခဲ့ပြီး ဇွန်လ ၁၈ ရက်ကလည်း ပွိုင့် ၃၀၀၀ စခန်းကို စစ်ကောင်စီတပ်ဖွဲ့က စွန့်ခွာခဲ့သေးသည်။

ယခုနှစ်ဆန်း ၆ လတာအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်စခန်း ၁၀ ခုခန့်ကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို တပ်စခန်း ၁၀ ခုခန့်ကိုလည်း စစ်ကောင်စီတပ်က စွန့်ခွာမှုများရှိခဲ့သည်။

စွန့်ခွာသွားသည့်စခန်းကို KNDO နှင့် PDF ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။