BREAKING
January 22, 2025

စစ်ကောင်စီတပ် သိမ်းသွားသည့် ဆိုင်ကယ်များကိုလာထုတ်သည့် လောင်းလုံးဒေသခံများ သေနတ်ဖြင့်ခြိမ်းခြောက်ခံရ

July 30, 2024

လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် သဗျာကျေးရွာ နတ်ရေရတနာဘုန်းကြီးကျောင်းထဲသို့ ပြီးခဲ့သည့် ဥပုသ်နေ့က စစ်ကောင်စီတပ် လာရောက်ပြီး တန်ဖိုးကြီးဆိုင်ကယ်အချို့ကို သိမ်းဆည်းသွားကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၂၈ရက် ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ဘုန်းကြီးကျောင်း၌ ဥပုသ်စောင့်သူများ၊ ဝေယာဝစ္စပြုသူများ၊ အလှူရှင်များ၏ ဆိုင်ကယ်အမြောက်အများရှိသည့်အနက် အကောင်းစား ဆိုင်ကယ်အချို့ကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။

“ကျွန်တော်မျက်စိနေရှေ့မှာ သူတို့ယူသွားတာကတော့ သုံးစီးရှိတယ်။ ဘယ်လောက်ပါသွားလဲတော့ တိတိကျကျ မသိဘူး။ အကောင်းဆုံးဆိုင်ကယ်ကိုမှ ရွေးပြီးယူသွားတာ” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောဆိုသည်။

ပုံမှန်အားဖြင့် လိုင်စင်ရှိသော ဆိုင်ကယ်များ အသိမ်းခံရပါ ငွေကြေးဖြင့် ပြန်‌ရွေးနေကြဖြစ်သောကြောင့် ဒေသခံတို့က ဆိုင်ကယ်ပြန်ရွေးရန် လောင်းလုံး ရဲစန်းအားလိုက်သွားခဲ့ကြကြောင်း ဒေသခံအချို့က ဆိုသည်။

ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်း ဆိုင်ကယ်များ သိမ်းသွားပြီးနောက် ညနေပိုင်းတွင် ပြန်ရွေးရန် လိုက်သွားကြခြင်းဖြစ်သည်။

“ပိုက်ဆံလိုချင်လို့ သိမ်းတာပဲထင်ပြီး လိုက်ထုတ်တာကို ဆိုင်ကယ်ယူမလား၊ ကျည်ဆံယူမလားမေးလို့ ပြန်လာလိုက် ရတယ်တဲ့” ဟု ကိုယ်တိုင်ကြုံရသူ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသခံတစ်ဦးက Dawei Watch ကို ပြောသည်။

ယနေ့ ဇူလိုင်လ ၃၀ ရက်နံနက်အထိ ဆိုင်ကယ်တစ်စီးမျှ ပြန်မရသေးကြောင်းလည်း ဒေသခံအချို့၏ ပြောဆိုချက်များအရ သိရသည်။

စစ်ကောင်စီတပ်သည် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ရာတွင်လည်း အများပြည်သူတို့၏ နေအိမ်များကို အတင်းအဓမ္မဖောက်ထွင်းဝင်ရောက်ပြီး အဖိုးတန်ပစ္စည်များအား ယူဆောင်သွားကြလေ့ရှိသည်။