BREAKING
September 19, 2024

လောင်းလုံးက ရွာတစ်ရွာတွင် ကာကွယ်ရေးအဖွဲ့ အတွက် ငွေကြေးအချိုးကျထည့်ဝင်စေသဖြင့် ဒေသခံများအခက်တွေ့

July 30, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုအတွက် ငွေကြေး အချိုးကျသတ်မှတ် ထည့်ဝင်စေသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့က Dawei Watch ကို ပြောသည်။

ထားဝယ်နှင့် လောင်းလုံးမြို့ကြားရှိ ကျေးရွာတစ်ရွာသို့ ဇူလိုင်လ ၂၆ ရက်က လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန်-၃ က တပ်ဖွဲ့ဝင်အချို့ရောက်လာပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုအစည်းအဝေးတွင် ဇုန် – ၃ တပ်ဖွဲ့ အသုံးပြုရန် ကားတစ်စီးလိုအပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

“သူတို့က ဒရုန်းတွေဘာတွေသယ်ဖို့ဆိုရင် ဆိုင်ကယ်နဲ့သွားလို့ အဆင်မပြေဘူး။ ကားနဲ့မှ အဆင်ပြေမယ်ဆိုပြီး ကားတစ်စီး ဝယ်ဖို့လိုနေတယ်ပြောတယ်။ အဲဒီအတွက် ရွာသားတွေဝိုင်းပြီး ကူညီပေးကြပါဆိုပြီးပြောတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

ထိုကားဝယ်ရန်အတွက် စပါးရိတ်စက်တစ်စီးပိုင်ဆိုင်သူက ကျပ် ၅ သိန်း၊ လယ်ထွန်စက်အကြီးတစ်စီးပိုင်သူက ကျပ် ၂ သိန်း၊ ခရီးသည်တင်ဟိုက်ဂျက်ကားတစ်စီးပိုင်သူက ကျပ် ၃ သိန်း၊ သုံးဘီးတစ်စီးပိုင်သူက တစ်သိန်းငါးသောင်းကျပ် စသည်ဖြင့် သတ်မှတ်ကောက်ခံကြောင်း ဒေသခံတို့ကဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကမူ ထိုကဲ့သို့ ငွေကြေးသတ်မှတ်ချက်ကို ၎င်းတို့အဖွဲ့က သတ်မှတ်ပေးခြင်း မဟုတ်ကြောင်း ပြောဆိုသည်။

‌“ကျွန်တော်တို့ရဲ့ ရဲဘော်တွေက ကားလိုအပ်လို့ ပြည်သူတွေကိုချပြတာပဲရှိတယ်။ ငွေရေး၊ ကြေးရေး သတ်မှတ်ချက် တွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ တိုင်ပင်တယ်။ ပြီးတော့ သူတို့ဘာသာသူတို့ (ဘယ်လောက်ကောက်မယ်ဆိုတာကို) ဆုံးဖြတ်တယ်” ဟု ‌ပကဖ ဒုတာဝန်ခံ ရဲဘော်ကြွက်ဖြူက ပြောဆိုသည်။

ကားလိုအပ်နေကြောင်း ဒေသခံများကို ပြောပြပြီး မည်သို့ကူညီနိုင်မည်နည်းဟု မေးမြန်းရာ ဒေသခံတို့က ငွေကြေး ထည့်ဝင်ခြင်းဖြင့် ကူညီမည်ဖြစ်ကြောင်းပြောဆိုပြီး ငွေကြေးသတ်မှတ်ချက်ကိုလည်း ဒေသခံအချို့ကပင် သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‌အစည်းအဝေးတက်ရောက်ခဲ့သည့် အခြားဒေသခံတစ်ဦးကလည်း ငွေကြေးသတ်မှတ်ချက်ကို ပကဖ အဖွဲ့က သတ်မှတ်ပေးခြင်း မရှိကြောင်း‌ပြောဆိုသည်။ ဒေသခံလူကြီးပိုင်းအချို့က ထိုကဲ့သို့ သတ်မှတ်ပေးကြောင်း‌ဆိုသည်။

သို့သော် ထိုကဲ့သို့ သတ်မှတ်ချက်ဖြင့်ကောက်ခံခြင်းကို မလိုလာသော်လည်း ပြန်ပြောမရဲသောကြောင့် လက်ခံပေးလိုက်ရကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောဆိုသည်။

“မထည့်နိုင်ဘူးပြောရလည်း ခက်တယ်။ အခုချိန်မှာ လူတိုင်းကိုကြောက်နေရတာလေဗျာ။ စစ်တပ်ကိုလည်း ကြောက်နေရတယ်။ အကုန်လုံးပဲကြောက်နေရတာလေ” ဟု ၎င်းက ပြောသည်။

ကနဦးတွင် ကျပ်သိန်း ၆၀ ဝန်းကျင် ကားတစ်စီးဝယ်ယူရန်ဟုပြောဆိုခဲ့သော်လည်း ရွာထဲရှိ ကား၊ သုံးဘီး၊ စပါးရိတ်စက်၊ ထော်လာဂျီ ပိုင်သူများအားလုံးကို အချိုးချပြီး ပေါင်းလိုက်သောအခါ ကျပ်သိန်း ၁၀၀ ဝန်းကျင်ရရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းနောက် ပကဖ ဇုန် – ၃ ရဲဘော်တို့က ကျပ်သိန်း ၆၀ တန်ကားအစား ကျပ် သိန်း ၁၀၀ တန်ကားကို ဝယ်ယူမည်ဟု ပြောင်းလဲပြောဆိုခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

ဒေသခံတို့ကမူ ငွေကြေးသတ်သတ်မှတ်မှတ်ဖြင့် ကောက်ခံမည့်အစား စေတနာအလျောက်ထည့်ဝင်စေခြင်းကသာ ဖြစ်သင့်ကြောင်း Dawei Watch ကို ပြောဆိုသည်။

သို့သော် အစည်းအဝေးတွင် ထိုသို့မပြောရဲသဖြင့် လက်ခံပေးလိုက်ရသည်ဟုဆိုသည်။

“လူတိုင်းက ခက်ခဲနေကြတဲ့အချိန်မှာ အခုလိုမျိုးတော့ မလုပ်သင့်တာတော့အမှန်ပဲရှင့်။ ကျွန်မတို့လည်း စကားမရှုပ်ချင်တာနဲ့ ဘာမှမပြောဘဲ ပိုက်‌ဆံပဲ အဆင်သင့်ပြင်ထားလိုက်တယ်။ ကိုယ်ပြောလို့လဲ ထူးလာမှာမှ မဟုတ်ဘဲကိုးရှင့်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်နွေစပါးရိတ်ချိန်ကလည်း အခြားပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက စပါးရိတ်စက်ပိုင်ရှင်များထံမှ ငွေကြေးကောက်ခံမှုများ ရှိဖူးကြောင်း ဒေသခံတို့ ပြောကြားချက်အရ သိရသည်။