စွန့်ခွာသွားသည့် ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်းတပ်တွေက ပြောသည်။
ဇွန်လ ၁၄ရက်က တနင်္သာရီမြစ်ဘေးရှိ အောင်သာဝရစခန်း သိမ်းယူခံရပြီးနောက် ဇွန် ၁၅ ရက်တွင် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ခွာသွားခဲ့သည်။
ယင်းနောက် ဇွန်လ ၁၉ ရက်တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) က အင်အား နှစ်ရာခန့်သည် ကား၊ ခြေလျင် စစ်ကြောင်း တို့ဖြင့် ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာပြီး လမ်းတစ်လျှောက်လုံးတွင် တိုက်ခိုက်ခံခဲ့ရသည်။
ယင်းသို့ တိုက်ခိုက်ခံရသဖြင့် ဇွန် ၂၂ ရက်တွင် အလယ်ချောင်းရွာအခြေစိုက် အမြောက်တပ်ရင်း (၄၀၁) တွင် ခေတ္တဝင်နေပြီး အင်အားထပ်မံပူးပေါင်းကာ ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်း တပ်ဖွဲ့ဝင်များက ဆိုသည်။
“အခုက ကျောက်လုံးကြီးစခန်းဗျူဟာကို စစ်ကောင်စီတပ်တွေ ပြန်ရောက်သွားပြီ။ မနေ့တုန်းက တိုက်ပွဲဖြစ်တာရှိတယ်။ လမ်းတစ်လျှောက်မှာလည်း ထိတွေ့ပစ်ခတ်မှုဖြစ်တာတွေရှိတယ်” ဟု KNU တပ်မဟာ (၄) မှ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
ကျောက်လုံးကြီးစခန်းကို ပြန်လည်ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၅၀၀ ခန့်ရှိကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောဆိုသည်။
“ဒီစခန်းတွေက တနင်္သာရီမြစ်ဘေးမှာရှိတာဆိုတော့ သူတို့အတွက်ရော ကျွန်တော်တို့အတွက်ပါ အရေးပါတယ်။ အဲဒါကြောင့် စစ်ကြောင်းပြန်ထိုးလာတာဖြစ်မယ်” ဟု ၎င်းက ပြောသည်။
ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားချိန် တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်ရှင်းလင်းချိန် တွင် လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို သိမ်းဆည်းရရှိခဲ့ကြောင်း KNU တပ်မဟာ ၄ မှ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
အမိန့်မရဘဲ စခန်းစွန့်ခွာလာသဖြင့် ကျောက်လုံးကြီးစခန်းက ဗိုလ်မှူးကြီးကျော်ကျော်ထက် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု သတင်းကြားရကြောင်းလည်း ၎င်းက ပြောဆိုသည်။
တနင်္သာရီမြစ်ကြောတလျောက်တွင် ခဲသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကွက်များရှိပြီး စစ်ရေးအတွက် ရေလမ်းကိုလည်း အသုံးပြုနိုင်သဖြင့် တနင်္သာရီမြစ်ဘေးက စစ်ကောင်စီစခန်းသည် နှစ်ဖက်စလုံးအတွက် အရေးပါလှသည်ဟုဆိုနိုင်သည်။
ဇွန်လ ၂၅ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ်၊ မောတောင်မြို့နှင့် ၂၂ ကီလိုမီတာအကွာအဝေးရှိ ပွိုင့် ၃၀၀၀ စခန်းကို ခလရ ၁၀၁ တပ်ရင်းက စစ်ကောင်စီတပ်များ စွန့်ခွာခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များ၏ ပြောဆိုချက်များအရ သိရသည်။