BREAKING
January 11, 2025

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့သိမ်းယူ

June 30, 2024

ဓာတ်ပုံ - Chin National Organization

ချင်းပြည်နယ် မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၉ ရက်တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်သည် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA) ၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၃ နှစ်ကုန်တွင် ဖွဲ့စည်းခဲ့သည့် ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) စသည့် အဖွဲ့ ခြောက် ဖွဲ့ ပါဝင်သည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို ဇွန်လ ၁၇ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ချင်းပြည်နယ် တောင်ပိုင်းရှိ အကြီးဆုံးဖြစ်သည့် စစ်ဗျူဟာနှင့် အမှတ် (၁၄၀) ခြေလျင်တပ်ရင်းတို့ကို ဇွန်လ ၂၉ ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ခိုက်သိမ်းယူပြီးနောက် နယ်မြေရှင်းလင်းမှုများလည်း လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချင်းပြည်နယ် မြို့နယ်များရှိ စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။