BREAKING
November 22, 2024

ဘုံဆိုင်မရှိတဲ့ ဒုက္ခ

June 30, 2024

မြန်မာပြည်တောင်ပိုင်းက နာမည်ကျော် ကမ်းခြေတခု၏ သဲမွမွ၊ ရေပြာပြာ၊ လှိုင်းဖြူဖြူများ နှင့် အရိပ်ကောင်းသော ပင်လယ်ကဗွီးပင်များက သူ့နေရာနှင့် သူ နေသားတကျ လောကကို အလှဆင်နေ၏။

ပီဘိ လှသောကမ်းခြေပင်။ နေဝင်ချိန်များ ဆိုလျှင် နေလုံးနီနီ ပင်လယ်ထဲ မြုပ်သွားသည်ကို ကမ်းခြေသဲသောင်၌ထိုင်၍ ငေးကြည့်ရသည်မှာ မရိုးနိုင်။ ထိုကမ်းခြေတွင် အိမ်ကလေးတစ်လုံးရှိလျှင် စိတ်ချမ်းမြေ့ရမည်ဟု တွေးမိသူများ ရှိပေမည်။

ကမ်းခြေ၏ မြောက်ဘက် စွန်းစွန်း၌ ပင်လယ်ကမ်းခြေအတွင်း ဒီတော ဒီချောင်းကလေးအကြား မထင်မရှား ရွာကလေးတရွာရှိသည်။ ထိုတံငါရွာ ကလေးသည်လည်း တချိန်ကဆိုလျှင် ကမ်းခြေနှင့်ပင်လယ်ပြင်ကြီး၏ အလှကို အချိန်မရွေး မြင်နိုင်တွေ့နိုင် ခံစားနိုင်သော အရပ်၌ ရှိနေခဲ့ပါသည်။

သို့ရာတွင်ယခုအခါတွင်မူ ထိုရွာမှ လူများသည် ကမ်းခြေ၏အလှအပများကို အလွယ်တကူအချိန်မရွေး ခံစားပိုင်ခွင့်များ ကန့်သတ် ရုပ်သိမ်းခံလိုက်ရပြီဖြစ်သည်။

သူတို့ရွာ၏ အများပိုင် ဘုံဆိုင်ခဲ့ဖူး သော ကမ်းခြေရှိ သဲသောင်နှင့် သဘာဝပေါက်ပင်ရှိသော တောအုပ်ကလေးကို ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သွားပြီဖြစ်လေသည်။

ကမ်းခြေကတောအုပ်ကလေး၏ ပတ်လည်တွင် ‘ပုဂ္ဂလိကပိုင်မြေ၊ မကျူးကျော်ရ’ ဟူသော အနီရောင်သတိပေးဆိုင်းဘုတ်များ၊ သွပ်ဆူးကြိုးတံတိုင်းများ နှင့် ကုမ္ပဏီက ဖို့ထားသည့် မြင့်မားသောသဲဘောင်တာရိုးကြီးများသည် ထိုရွာကလေးနှင့် ကမ်းခြေက တောအုပ် ကလေးတို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ထင်ရှားစွာပြနေ၏။

မကြာမီပင်လျှင် ထိုတောအုပ်ကလေး အတွင်း အပင်များခုတ်လှဲခံရကာ လှပသော ဟိုတယ် အဆောက်အအုံများ ပေါ်လာမည် ဖြစ်ပြီး ထိုနေရာသည် ငွေပေးနိုင်သူတို့သာ ပင်လယ်၏ အလှကိုသီးသန့် အသုံးပြု ခံစားနိုင်သည့် သုခဘုံ အငယ်လေး ဖြစ်လာနိုင်ပေမည်။

ထိုသို့လျှင် ကမ်းခြေက တောအုပ်ကို ယူလိုက်၍ အမြတ်ရရေး လုပ်ကြသော ကုမ္ပဏီပိုင်ရှင်လူတစ်စုနှင့် ငွေပေး၍ ထိုသုခဘုံကလေးကို အသုံးပြုဇိမ်ခံကြမည့် သူများအဖို့ ရွာသားများကထိုကမ်းခြေ တောအုပ် ကလေးကို ဆုံးရှုံးလိုက်ရသည်။

တကယ်တော့ ထိုရွာကလေး၏ အကြောင်းကို ကောင်းကောင်းသိသူဆိုလျှင် ရွာကလေး၏ အများပိုင် ဘုံဆိုင် ကမ်းခြေကတောအုပ်ကလေး ဆုံးရှုံးသွားရခြင်းသည် ရွာသူ/သားများ၏ အနာဂတ်ကိုလည်း ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံလိုက်ရပြီဖြစ်ကြောင်းခံစားမိနိုင်မည် ဖြစ်သည်။

ဤသည်ကား ရွာသူရွာသားများအနေဖြင့် ကမ်းခြေ၏ အလှ၊ နေဝင်ချိန်မြင်ကွင်း နှင့် သဘာဝအလှများကို မြင်တွေ့ခံစားခွင့် ဆုံးရှုံးသွားရခြင်းထက် ပိုပါ၏။

ရှုလော။ ဤအဖြစ်အပျက်များ မဖြစ်မီက တောအုပ်ကလေးသည်ရွာ၏ အသက်ဟုဆိုနိုင်သည်။အုန်းပင်၊ သီဟိုဠ်ပင်များ နှင့် အခြားသော သီးပင်စားပင်များ ရာသီအလိုက် သီးပွင့်သည့်ထိုတောအုပ်ကလေးကို ရွာ၏ ထက်ဝက်ကျော်မကရှိသော ဆင်းရဲလှသည့် တံငါမိသားစုများမှီခိုရ၏။

ရွာကလေး၏ အခမဲ့ အစားအစာ စူပါမားကက်ဖြစ်သည်။ ဆယ့်နှစ်ရာသီ စလုံးရွာသူရွာသားများအတွက် ရိက္ခာပေး၏။ ရာသီဥတု ဆိုးသော အခါ တိုက်ခတ်သော ပင်လယ်လေ ကြမ်းများကို ထိုတောအုပ်ကလေးက ကာပေးထားတတ်၍ ရွာကလေး၏ တံငါတဲများ သက်သာရာရ၏။ ထို့အပြင်ထိုတောအုပ်ကလေးကား ရွာ၏ အသက် ရေချိုကို ထိန်းပေးသောဟူ၏။

မိုးလင်းမိုးချုပ် နေပူမိုးရွာမရှောင် အသက်စွန့်၍ ပင်လယ်ထဲထွက် ဝမ်းစာရှာရရှာသော တံငါသည်များ အတွက် ဤတောအုပ်ကလေးသည် အလုပ်ခွင်၊ ယာယီတံငါတဲများစတည်းချရာ၊အပန်းဖြေရာ၊ အခမဲ့ရသော အုန်းစိမ်းရေရှိရာ၊ အတို့အမြှုပ် အကြော်အလှော်အတွက်လတ်ဆတ်သော အပင်ကလေးများ ရှိရာဖြစ်သည်။

ထိုတောအုပ်ကလေးရှိ အရိပ်ကောင်းသောအပင်တစ်ပင်အောက်တွင် ကိုတံငါတို့ ဝိုင်း၍ တစ်ခွက်တစ်ဖလား သောက်ရင်း ဘဝ၏ ဒဏ်ရာများကိုကုစားရင်း နေဝင်ချိန် အလှများကို ကြည့်နေကြ နေရာလေးလည်း ဖြစ်လေသည်။

ထို့အပြင် တောအုပ်၏ ကြမ်းခင်း သဲမွမွသည် ပင်ပန်းလာသည့် ကိုတံငါတို့အတွက် အိစက်သော ကမ္ဗလာအခင်း။ လင်သည်တံငါ၏ အလုပ်ကို ဝိုင်းကူရသော ဖိနပ်ပင်မဝယ်နိုင်သေးသည့် သူဆင်းရဲမကလေး အတွက် ကော်ဇော၊ လောကဓံကို ဘာမှန်းမသိသေးသည့် ကလေးများအတွက်ဘေးကင်းရန်ကင်း ခုန်ပေါက် ဆော့ကစားနိုင်သည့် တလင်းမွမွ ဖြစ်လေသည်။

အချို့က အများပိုင် ဘုံဆိုင် များနှင့် ပတ်သက်၍ ဤသို့ စကားတင်းဆိုတတ်ကြသည်။ အများပိုင်ဆိုလျှင် လူအများစုက လုပ်ချင်တိုင်းလုပ်ကြမည် ဖြစ်၍ ဘုံဆိုင် မည်သည် ပျက်စီးရိုး တဲ့။ ဤရွာကလေး၏ တောအုပ် ကလေးကတော့ ရွာသားတို့ အဆက်ဆက်၌ ပျက်စီး၍တောပြုန်းသွားခဲ့သည်လည်းမရှိ။

ဤတောကလေးကို မှီ၍ မရှိသူ အချင်းချင်း မျှ၍ ဝေ၍စားကြရသဖြင့် ဤတောကလေးကို ဝိုင်းထိန်းခဲ့ ကြ ၏။ ဤတောအုပ်ကလေး၏ အစားအစာဖြင့်ရှင်သန်ခဲ့ကြရ၏။ အသက်သခင်ကို ကျေးစွပ်သော သူ ရွာ၌ မရှိခဲ့ချေ။

ယခုမူ ရွာသူ/သားတို့အဖို့ ရွှေတောင်ကြီး ပြိုရဘိသကဲ့သို့ဖြစ်ခဲ့ချေပြီ။ ကိုတံငါတို့ ရွာမှသည် ပင်လယ်သို့ သွားရန်ပင် လမ်းရှာရခက်ချေပြီ။ ခြံစည်းရိုးခတ်ထားခံရသောထိုတောအုပ်ထဲက အပင်အချို့ကို ခုတ်လှဲ ရှင်းလင်း၍ သဲဘောင် တာရိုးများ ဖို့သည်နှင့် ရွာကလေး၏ ရေချိုတွင်းများသည် အငန်ဖက်သို့ လုလာချေပြီ။ သီဟိုဠ်သီးကောက်၍ ရောင်းစရာ မရှိတော့သည့် တံငါသည်၏ ဇနီးမယား သမီးသားများသည်ဝင်ငွေကလေး ပို၍ခမ်းလေပြီ။

ယခင်ကလို တောအုပ်က ရသော အရွက် အဖူး သစ်ဥ သစ်မြစ်ကလေးများ မရှိတော့၍ အခြားနေရက ဝယ်၍ စားနေရပေပြီ။ ကိုတံငါသည် ငါးမရသည့် နေဆိုလျှင်ဗိုက်မှောက် နေရမည့်ကိန်း ဆိုက်လေပါပြီ။

တစ်ခုတော့ တော်ပေသေးသည်။ ရွာ၏ တောင်ဖက်၌ ဘုံဆိုင်ကလေးတစ်ခုတော့ ကျန်ပါသေးသည်။ ထိုအရာကား ဒေသအခေါ် ယပ်တော၊ မြန်မာလို ခေါ်တော့ ဒီရေတော ဖြစ်သည်။ ရေအကျ၌ ဒီတော နံဘေး သဲနုန်းလတာ ပြင်ကြီးတွင် နေပူကျဲကျဲ အချိန်များတွင် ခရုမျိုးစုံကို တူးဆွရှာဖွေနိုင်ပါသည်။

ဒီတော အတွင်း ဂဏန်းထောင်နိုင်၊ ဒီချောင်းကလေးအတွင်း ငါးရှာ ပုဇွန်ရှာ၊ အကောင်ပလောင်ရှာ လုပ်နိုင်ပါ သေးသည်။ သို့သော် ဒီတော ကလေးသည် လူအများစု၏ အလိုဆန္ဒကို အကုန်ဖြည့်နိုင်သည့် ပုံမရှိပါပေ။ သူ့မှာလည်း သူပေးနိုင်သမျှ ပေးရှာပါ၏။ ဒီတောကား သူ၏ အနီးအနားက ရွာများစွာ၏ ဘုံဆိုင် အများပိုင်လည်း ဖြစ်နေသေးသည်ကိုး။

ဘုံဆိုင် အများပိုင်ကို အားကို ကြရရှာသော တံငါရွာကလေးများအတွက် ကံဆိုးမှုသည် ဆက်တိုက်လာနေဆဲ ဖြစ်၏။ ရွာ၏ နံဘေးက ဒီချောင်း နှင့် ဒီတော ကလေးသည်လည်း မည်သည့် အချိန်တွင် ကုမ္ပဏီတစ်ခုခု၏ ပိုင်ဆိုင်မှုအောက်ရောက်သွားမည်မသိချေ။

အဘယ်ကြောင့်ဆိုသော် ရေနက်ဆိပ်ကမ်းစီမံကိန်း နှင့် အထူးစီးပွားရေးဇုန်ဟူသော ခေါင်းစဉ်အောက်တွင် ထို အများပိုင်ဘုံဆိုင်ကလေးများ ကို အသွင်ပြောင်းမည့် အစီအစဉ်များ ရှိနေသေး၏။ အုပ်ချုပ်သူများကတော့ သည်လို စီမံကိန်းများကို တိုင်းပြည်ဖွံ့ဖြိုးရေး အတွက်ဟု ခေါင်းစဉ်တပ်ကြပါပေ၏။

ထိုတံငါရွာကလေးက ရွာသူ/သားများကတော့ ဖွံ့ဖြိုးရေး စီမံကိန်း ဟုကြားသည်နှင့် ထိတ်လန့်မိကြသည် တဲ့။ သူတို့ကို ရွာက နှင်ထုတ်မည်လား၊ ရွာက အားကိုးနေရသော ဒီရေတောကို ရှင်းလင်းလိုက်မည်လား၊ တံငါများကို ငါးဖမ်းခွင့် ရိုးရာ တံငါလှေငယ်များကို ကမ်းကပ်ခွင့် ပိတ်လေမည်လားဟု စိုးထိတ်ဗျာပါ ရှိကြ ပါသည်။

သူတို့ မျိုးဆက် အလိုက်ဝိုင်း၍ ထိန်းလာသော မှီခိုလာသော အများပိုင် ဘုံဆိုင်တောအုပ်ကလေးမှာ ပုဂ္ဂလိကပိုင် ခေါင်းစဉ်အောက်တွင်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်တွင် ပျက်စီးသွားသည်ကို သူတို့ ဒိဋ္ဌ မြင်ခဲ့ကြ ကြုံခဲ့ကြရပြီကိုး။

အစိုးရ၏ စီမံကိန်းများကို တားဖို့ မြစ်ဖို့ ရွာသူ ရွာသားတို့ ဘာများတတ်နိုင်ပါမည်နည်း။ ငွေရှား၍ နိမ့်ပါးသော ဘဝများမို့ ပညာစုံအောင်မသင်နိုင်၊ အစိုးရမင်းတို့၏ ဥပဒေ စကားလုံးများအောက်တွင် သူတို့သည် အထောက်အထားမဲ့ နေထိုင်သူများ၊ ရုံးရောက် ဂတ်ရောက် အဖြစ်မျိုးဆိုလျှင် သူတို့ အကြောက်ဆုံးအဖြစ်၊ နိစ္စဓူဝ ဝမ်းရေးအတွက် ရုန်းကန်နေရသည်နှင့်ပင် သူတို့ ပင်ပန်းလှပြီ။ နွမ်းလျလှပြီ။

ပင်လယ်ကြီး ရှိနေ သရွေ့တော့ သူတို့ ထမင်းမငတ်ဟုခံယူထားသော်လည်း ပင်လယ်ပြင်ကြီးသည်ပင် တချိန်ချိန်တွင် ပုဂ္ဂလိက ပိုင် ဖြစ်မသွားနိုင်ဟု မည်သူကမျှ အာမဝန္တာမခံနိုင်သည့် အခြေအနေပင်။

ဘုံဆိုင်တွေ ပျောက်လာလေလေ သူတို့ ဒုက္ခပိုရောက်လေလေ။ ပို၍ နိမ့်ပါးလေလေ သူတို့ ဘဝမှာ ဝမ်းရေးအတွက်ပင် ပို၍ အချိန်ကုန် လူပင်ပန်းရလေလေ။ သူတို့မှာ ဘုံဆိုင်တွေကို လွမ်းရလေလေ။ အခုတော့ အရာရာမှာ ငွေ၊ ငွေမရှိလျှင်ဖြင့် ငတ်ရမည့်ကိန်း ဖြစ်ပေပြီ။

ယခင်က သူတို့ အားကိုးရာ၊ သူတို့ဖို့ တန်ဖိုးဖြတ်မရသော အများပိုင် ဘုံဆိုင်တွေ ငွေကြေးတန်ဖိုး နှင့် စက်၍ အရောင်းခံလိုက်ရပြီ။ သည်လို ဘုံဆိုင် မရှိတော့သော ဒုက္ခကို သူတို့ ကြုံကြပေသိ သူတို့ ဘာများတတ်နိုင်ပါမည်နည်း။

တံငါအလုပ်ကို စွန့်၍ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် အချို့က ထွက်သွား၏။ အချို့ကလည်းအရပ်တပါး ပြောင်းရွှေ့သွားကြ၏။ အချို့ကား အကြွေးနွံနစ်ကာ ရွာမှ မခွာနိုင်ကြသေး။ အချို့ကားစိတ်ဒဏ်ရာ ဗလပွနှင့်။ တချို့ကလည်း လာမည့်ဘေး ပြေးတွေ့မည့်ဟန် ခေါင်းမာမာနှင့်ရုန်းဆဲကန်ဆဲ။ သူတို့ ယုံကြည်သော ရွာရှင်နတ်၊ ဦးရှင်ကြီး နှင့် မဲရှင်မ နတ်တို့လည်း ကူနိုင်မည်မထင်။

ဘုရားတစ်ဆူဆူ ထံတွင် ရွာသူ/သားတစ်ယောက်ယောက်ကဖြင့် အောက်ပါအတိုင်း ဆုတောင်းနေမည် ထင်၏။ ဖွံ့ဖြိုးရေးဟူသည် လူ့ဘဝများစွာကို ချနင်း၊ ဘုံဆိုင်များကို ဖျက်ဆီးလိုက်ပါမှ လုပ်ဆောင်၍ရသော အလုပ်မျိုး မဖြစ်ပါစေနှင့်ဟူ၍ပင် ဖြစ်နိုင်ပါ၏။

ရွက်သစ်