မြိတ်မြို့တွင် သစ်သီးဈေးနှုန်း အဆမတန်မြင့်တက်နေသည့်အတွက် ဝယ်လိုအားကျဆင်းနေပြီး သစ်သီးဆိုင်များ အခက်အခဲကြုံနေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာသည့် ယခုနှစ်ဆန်းပိုင်းမှစကာ လက်ရှိအချိန်အထိ သိသိသာသာ ဈေးတက်လာခြင်းဖြစ်ကြောင်း သစ်သီးအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။
မြိတ်မြို့တွင်ရောင်းချနေသည့် သစ်သီးအများစုမှာ ထိုင်းနိုင်ငံက တင်သွင်းလာခြင်းဖြစ်သည်။
၃၂ လုံးပါ နဂါးမောက်သီးတစ်ဖာလျှင် ယခင်ကျပ်ကိုးသောင်းခန့်သာရှိရာမှ လက်ရှိအချိန်တွင် ကျပ်တစ်သိန်းခုနစ်သောင်းဝန်းကျင်အထိ ပေးရကြောင်း မြိတ်မြို့ ဆိပ်ငယ်ဈေးအတွင်း သစ်သီးရောင်းသူတစ်ဦးက ဆိုသည်။
“ထိုင်းဘက်က ဝယ်ရောင်းတဲ့သစ်သီးဈေးတွေကလည်း အကုန်လုံးနှစ်ဆနဲ့ အထက်တက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် သစ်သီးဈေးတက်သည့်အပြင် အထွေထွေကုန်ဈေးနှုန်းလည်း အဆမတန်တက်နေသည့်အတွက် ရောင်းရသည့် ပမာဏမှာ သိသိသာသာကျဆင်းသွားကြောင်း မြိတ်မြို့တွင် သစ်သီးရောင်းနေသူ အခြားစျေးသည်တစ်ဦးက ဆိုသည်။
ယခင်က တစ်ရက်လျှင် စပျစ်သီးပိဿာတစ်ရာကို လွယ်လွယ်ကူကူရောင်းချရလေ့ရှိသော်လည်း လက်ရှိတွင် ငါးပိဿာခန့်သာ ရောင်းရတော့ကြောင်း ၎င်းက ပြောသည်။
“အခုဆိုရင် တစ်ရက်ကို လေး၊ငါး ပိဿာလောက်ကုန်အောင်ကို တော်တော်လေးရောင်းယူရတာ။ ဝယ်တဲ့သူတွေကလည်း မဖြစ်မနေဝယ်ရမယ့်အခြေအနေမှ ဝယ်ကြတော့တယ်လေ” ဟု အထက်ပါ သစ်သီးရောင်းသူက ဆိုသည်။
ထိုင်းမှတင်သွင်းသည့် သစ်သီးဈေးနှုန်းတက်နေချိန် သရက်သီးကဲ့သို့ ဒေသထွက်သစ်သီးနှင့် ပြည်တွင်း(ရန်ကုန်) မှ သစ်သီးများ မှာယူရောင်းချမည်ဆိုပါက လမ်းခရီးတွင်မကြာခဏဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စိတ်ချရခြင်းမရှိကြောင်း ၎င်းက ပြောသည်။
“တော်တော်လေးကို ခက်ခဲရတယ်ဗျာ။ အရင်ကအမြတ်ထက် သုံးပုံနှစ်ပုံလောက်အထိကျဆင်းသွားသလို သယ်ယူတဲ့ ကားခကလည်းနှစ်ဆကျော် သုံးဆနီးပါးတက်တယ်လေ။ ကျွန်တော်ဆို ဒီခြောက်လအတွင်း အရောင်းအဝယ်မှာ အရှုံးပေါ်တဲ့အထိဖြစ်ခဲ့လို့ နားထားလိုက်ရတဲ့အခြေအနေမျိုးဖြစ်ခဲ့တယ်”ဟု အဆိုပါ သစ်သီးရောင်းသူက ဆိုသည်။
ယခုကဲ့သို့ သစ်သီးဈေးနှုန်းမြင့်တက်နေပြီး ကျပ်တည်းနေချိန်တွင် သစ်သီးများကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးသူများပင် ဝယ်ယူစားသုံးရန် စဉ်းစားနေရကြောင်း မြို့ခံများက ပြောသည်။
“သစ်သီးတွေအရမ်းကြိုက်တတ်တဲ့သူထဲပါတော့ အရင်ကဆိုအမြဲစားတယ်လေ။ အခုက ဈေးကြီးတော့ အမြဲဝယ်စားဖို့ မတတ်နိုင်တော့ဘူးလေ။ အရမ်းကြီးစားချင်စိတ်ဖြစ်မှပဲ ဝယ်စားဖြစ်တော့တာပေါ့” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
မြိတ်မြို့တွင် ရောင်းချနေသည့် သစ်သီးအများစုကို မောတောင်နယ်စပ်မှတင်သွင်းကြသလို ကော့သောင်းနယ်စပ်မှတစ်ဆင့် တင်သွင်းရောင်းချကြသည်။