BREAKING
September 7, 2024

သတင်းအမှောင်ချ ခံနေရသည့် ပြည်သူများ

June 30, 2024

စစ်အာဏာသိမ်းမှု ရက်ပေါင်း ၁၃၀၀ ခန့်ရှိလာပြီဖြစ်သော်လည်း တိုင်းပြည်တည်ငြိမ်မှုရှိအောင် မစွမ်းဆောင်နိုင်သည့် အပြင် တော်လှန်ရေးအရှိန်ကောင်းလားပြီး အဖက်ဖက်က ကျရှုံးလာနေသည့် စစ်ကောင်စီက ပြည်သူလူထုကို သတင်းအမှောင်ချရန် ကြိုးစားလာပြန်သည်။

မြန်မာနိုင်ငံတွင် သတင်းစီးဆင်းမှုအတွက် အရေးပါလှသည့် Facebook လူမှုကွန်ရက်ကို ပြည်တွင်းနေ နိုင်ငံသားများ အသုံးပြု၍ မရစေရန် နည်းပေါင်းစုံဖြင့် လုပ်ဆောင်လာနေခြင်းဖြစ်သည်။

ယင်းမှသာ လူထုက သတင်းအမှန် မသိနိုင်ဘဲ ၎င်းတို့ဝါဒဖြန့်သည့် မီဒီယာများမှ ဝါဒဖြန့်မှုများ အောင်မြင်မည်ဟု ယူဆနေခြင်းကြောင့်လည်း ဖြစ်သည်။

ယင်းအပြင် Facebook ကိုပိတ်ပင်လိုက်ခြင်းဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအကြား သတင်းအချက်အလက် ဖလှယ်နိုင်မှုကိုလည်း တားဆီးနိုင်မည်ဟု ယူဆထားကြသည်။

ယင်းကြောင့် Facebook ကို ပြည်သူများ အသုံးမပြုနိုင်စေရန် နည်းပညာအမျိုးမျိုး အသုံးပြုပြီး တားဆီးလာသည်။

တစ်ဖက်တွင်လည်း အင်တာနက်လိုင်းမဖြတ်သည့်တိုင် အမြန်နှုန်းလျော့ချထားရန် အော်ပရေတာများကို ညွှန်ကြားထားသည်။

အထူးသဖြင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ ရေဖြူ ၊တနင်္သာရီမြို့နယ် စသည့် ဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်လေ့ရှိသည်။

စစ်ကောင်စီက သတင်းအချက်အလက် ဖြတ်တောက်ယုံသာမကဘဲ ပိတ်ပင်ထားသော Facebook ကို အသုံးပြုနိုင်ရေးအတွက် VPN အကူအညီဖြင့် ကျော်ခွအသုံးပြုသူများကိုလည်း ဟန့်တားနှောင့်ယှက်လာသည်။

လက်ကိုင်ဖုန်းများကို စစ်ဆေးရာတွင် VPN နှင့် Facebook အက်ပလီကေးရှင်းများ တွေ့ပါက ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေညှစ်ခြင်းများလည်း လုပ်ဆောင်လာသည်။

တနင်္သာရီတိုင်းတွင် ဖြစ်ပေါ်နေသည့် ယင်းအခြေအနေများကိုသိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။

“အင်တာနက်ဖြတ်ထားတော့ ကောလာဟလ ကလည်း အမျိုးမျိုးထွက်တယ်လေ။ သတင်းမရတော့ အချိန်မီ ပြေးရလွှားရ ရှောင်ရရှားရဖို့ကိုလည်း မပြင်ဆင်နိုင်ဘူး”

ရေဖြူမြို့နယ် ဇာဒီရွာက လူငယ်တစ်ဦး

DW ။ အင်တာနက်ဖြတ်တောက်ခံထားရတာ ဘယ်နှစ်ရက်ရှိပြီလဲ။

ဖြေ ။ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၆ရက်) ကနေစပြီး ၃ ရက်ရှိပြီး အခုထိပြန်မရသေးဘူး ။ MPT က နဂိုကတည်း အင်တာနက်မရဘူး ။ တယ်လီနော(အက်တမ်)နဲ့မိုင်တဲကတော့ အခု လုံးဝမရတော့တာ။ ဖုန်းပြောလို့လည်း မရတော့ဘူး။ MPT တစ်ခုပဲ ဖုန်းပြောလို့ရနေတယ် ။ ဖြတ်ခံထားရတာ ဇာဒီနဲ့ခွေးမဖော နှစ်ရွာပေါ့ ။ ခေါင်ပြန်ရွာတို့ ကျောက်ထရံရွာတို့က အရင်ကတည်းက အင်တာနက်သိပ်မရဘူး။ ဇာဒီမှာပဲ ကောင်းကောင်းရတယ် ။ အခုက လုံးဝပြတ်သွားတယ် ။

DW ။ အင်တာနက် ဖြတ်တောက်ခံထားရတော့ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ ။

ဖြေ ။ အင်တာနက်ဖြတ်ထားတော့ သတင်းနှောင့်နှေးတာပေါ့ ။ အရင်ကဆို စစ်ကြောင်းပဲလာလာ ၊ ဒီအတိုင်း ကင်းလှည့်ပဲဆင်းဆင်း သိနေရတော့ သတိထားလို့ရတယ် ။ အင်တာနက်ဖြတ်ထားတော့ ကောလာဟလ ကလည်း အမျိုးမျိုးထွက်တယ်လေ ။ အင်တာနက်ရှိနေရင် ချက်ချင်းမေးမြန်း အတည်ပြုလိုက်လို့ရတယ် ။ သတင်းမရတော့ အချိန်မီ ပြေးရလွှားရ ရှောင်ရရှားရဖို့ကိုလည်း မပြင်ဆင်နိုင်ဘူး။

DW ။ အခြားရော အင်တာနက်နဲ့ပတ်သက်ပြီး ဘာအခက်အခဲတွေထပ်ဖြစ်သေးလဲ ။

ဖြေ ။ ကျောင်းသားတွေပေါ့ ။ အင်တာနက်နဲ့စာသင်နေတာမျိုးရှိနိုင်တယ်လေ ။အင်တာနက်က လုံးဝမရတော့ ဘာမှဆက်လုပ်လို့မရတော့ဘူး ။ ရွာဘက်မှာက အင်တာနက်နဲ့အလုပ်လုပ်တဲ့သူကတော့ နည်းတယ်ဆိုတော့ စီးပွားရေးအရသိပ်မထိခိုက်ဘူး ။ ဒါပေမဲ့ MPT ဆင်းကတ်ကို ဖုန်းပြောရုံသက်သက်ပဲ ရတယ်ဆိုတော့ အရင်ကတည်းက အသုံးနည်းတယ်။ အခု အခက်အခဲကြုံလာတော့ ရှိတဲ့သူမှာ လိုက်ငှားဆက်ပြီး ဆက်သွယ်နေရတဲ့ ဆက်သွယ်ရေး အခက်အခဲတော့ရှိတယ် ။

DW ။ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ ဘာပြောချင်လဲဆိုတော့ လျှပ်စစ်မီးပျက်ရင် ဆိုလာတွေ အခြားအရေးပေါ်ပစ္စည်းတွေနဲ့ ရုတ်တရက် အစားထိုးဖြေရှင်းလိုက်လို့ရတယ် ။ အင်တာနက် ဖြတ်ခံရတာက ကိုယ်တိုင်လည်းလုပ်မတတ်တော့ ရုတ်တရက် အရေးပေါ် ဖြေရှင်းလို့ရတာလည်း မဟုတ်ဘူးလေ ။ တော်တော်ခက်ခဲတယ် ။ အခုက ဖုန်းလိုင်းတွေပါမရ ဖြစ်နေတော့ ပိုခက်ခဲတယ် ။ နိုင်ငံခြားရောက်နေတဲ့ သားသမီးတွေလည်း ရွာမှာကျန်နေတဲ့မိဘနဲ့မိသားစုတွေကို ဆက်သွယ်မရဘဲ စိတ်ပူနေကြမှာပဲ ။

DW ။ ကျေးဇူးတင်ပါတယ်။

“အာဏာသိမ်းပြီး တစ်နှစ်ကျော်ကတည်းက အင်တာနက်သုံးစွဲဖို့ အဆင်မပြေတဲ့ အခြေအနေကိုရောက်ရှိလာတာပါ”

ထားဝယ်ခရိုင်အတွင်း တော်လှန်ရေးစာစဥ်များဖြန့်ဝေနေသည့် ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦး

DW ။ စာစဥ်တွေ ဖြန့်ချိနေတဲ့ ဒေသတွေမှာ အင်တာနက်ရရှိမှု အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ ဂိမှာန်ကစာစဉ်ဖြန့်ဝေနေတဲ့ နယ်မြေတွေဟာ အင်တာနက်လုံးဝမရရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

DW ။ အင်တာနက် ရရှိမှုအတွက် ဘာအခက်အခဲတွေကြုံနေရလဲ ။

ဖြေ ။ အင်တာနက်ရရှိရေးအတွက် ပြည်သူတွေဟာ ရွာနီးစပ်ရာ တောင်တွေပေါ်တက်ပြီး ပင်ပင်ပန်းပန်း အင်တာနက်အသုံးပြုကြရပါတယ်။

DW ။ အင်တာနက်အခက်အခဲကြုံနေရတာ ဘယ်လောက်ကြာနေပြီလဲ ။

ဖြေ ။ အာဏာသိမ်းကာလ အစောပိုင်းအထိ အင်တာနက်ကို နေရာတချို့မှာ အသုံးပြုလို့ရပေမဲ့ စစ်တပ်ရဲ့ အင်တာနက်အသုံးပြုမှုကို ကန့်သတ်တဲ့ လုပ်ဆောင်ချက်တွေ၊ လိုင်းဆွဲအားညံ့ဖျင်းလာမှုတွေကြောင့် အာဏာသိမ်းပြီး တစ်နှစ်ကျော်ကတည်းက အင်တာနက်သုံးစွဲဖို့ အဆင်မပြေတဲ့ အခြေအနေကိုရောက်ရှိလာတာပါ။

DW ။ အင်တာနက်တွေ ပြတ်တောက်နေတော့ သတင်းအချက်အလက်တွေ ဘယ်လိုရယူရလဲ။

ဖြေ ။ သတင်းအချက်အလက်ရရှိဖို့အတွက် နီးစပ်ရာပြည်သူအချင်းချင်း ရရှိတဲ့ သတင်းအချက်အလက်ကိုပဲ မျှဝေနေထိုင်ကြတာများပါတယ်။

DW ။ သတင်းအချက်အလက်ရရှိမှုက ဘယ်လောက်အရေးကြီးတယ်လို့ထင်လဲ။

ဖြေ ။ လူတိုင်းဟာ လုံလောက်တဲ့သတင်းအချက်အလက်ကို ရယူပိုင်ခွင့်ရှိပါတယ်။ သတင်းအချက်အလက်ကို အချိန်နဲ့တပြေးညီမရရှိတဲ့အခါ ပြည်သူတွေရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့ လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ကန့်သတ်သလိုဖြစ်သွားပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက် ပြည့်မြောက်ဖို့ဆိုရင် ပညာကို အခြေခံတဲ့လူမှုအဖွဲ့အစည်းတွေကို တည်ဆောက်ဖို့ဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ဒီအတွက် ပညာကိုအခြေပြုဖို့အတွက် လက်ရှိကမ္ဘာတဝန်းနိုင်‌ငံရေး ၊စီးပွားရေး၊ပညာရေး၊ လူမှုရေးဖြစ်စဉ်တွေကို မျက်ခြည်မပြတ်ဖို့လိုအပ်တဲ့အတွက် အတော့်ကို အရေးကြီးတယ်လို့ မှတ်ယူပါတယ်။

DW ။ သတင်းအချက်အလက်ရရှိမှုကို အင်တာနက်မဟုတ်ဘဲ အခြားဘယ်ကနေ ရယူရတာမျိုးရှိလဲ။

ဖြေ ။ ပြည်သူတွေအနေနဲ့ ရေဒီယိုနားထောင်တာ၊ ရုပ်မြင်သံကြားကလာတဲ့ သတင်းနားထောင်တာရှိပေမဲ့ ဒီပစ္စည်းတွေသုံးစွဲတဲ့လူဦးရေဟာ အင်မတန်နည်းပါးပါတယ်။

DW ။ အခုဆိုရင်vpn တွေပါသုံးရခက်လာပြီး၊ တိုက်ပွဲမရှိတဲ့မြို့ပြတွေမှာပါ အင်တာနက်အခက်အခဲ ကြုံလာနေတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ ။ စစ်အုပ်စုအနေနဲ့ နိုင်ငံအတွင်းမှာ နေထိုင်တဲ့ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖျက်လာတာ ရာစုနှစ်နီးပါးရှိနေပါပြီ။ အင်တာနက်ရရှိမှုဟာ ပြည်သူတွေအတွက်၊ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန်အရေးပါပါတယ်။ ဒီတော့ စစ်တပ်ရဲ့အင်တာနက်‌ဖြတ်တောက်မှုဟာ လူထုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ပြီး သူတို့အလိုကျ သပ်လျှိုသွေးခွဲမှုတွေ၊ အကြောက်တရားတွေကို ဖြန့်ဝေပြီး ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

DW ။ စစ်ကောင်စီရဲ့ဖြတ်လေးဖြတ်ထဲက သတင်းဖြတ်တောက်မှုဟာ အာဏာသိမ်းပြီးနောက်မှာ ဘယ်အခြေအနေထိရောက်နေပြီလို့ ထင်လဲ။

ဖြေ ။ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းအချက်အလက်ဖြတ်တောက်မှုတွေကို အရပ်သားတွေအပေါ်နဲ့၊စစ်ရေးနယ်မြေတွေအပေါ်ဖြတ်တောက်တာဆိုပြီး နှစ်မျိုးသတ်မှတ်ရမှာပါ။ အစောပိုင်းကာလတွေမှာတော့ စစ်အုပ်စုဟာ စစ်ကြောင်းထိုးခါနီးရင် အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်တတ်ပါတယ်။ဒီ‌တော့ အင်တာနက်ဖြတ်ရင် စစ်ကြောင်းဝင်တော့မယ်ဆိုပြီး တပ်လှန့်သလိုပါ။နောက်ပိုင်းမှာတော့ အင်တာနက်ဟာ အမြဲတမ်းနီးပါး ပြတ်တောက်နေပါတယ်။

သို့သော်ငြားလည်း လူထုကြားမှာ အင်တာနက်ဖြတ်ခံရတာနဲ့ စစ်ကြောင်းဝင်မလားဆိုတဲ့ စိုးရိမ်စိတ်ဟာ ပထမဆုံးဝင်လာကြပါတယ်။ဒါဟာ လူထုကြားထဲစိမ့်ဝင်နေတဲ့ အကြောက်တရားအချို့ထဲတစ်ခုပါ။ စစ်တပ်ရဲ့အင်တာနက် ဖြတ်တောက်ခံထားရတဲ့ နေရာအချို့ဆို အခုအခါ လူမျိုးရေးခွဲခြားမှုတွေ၊ ပစ္စည်းသယ်ယူခွင့်ကန့်သတ်တာတွေပါ တပါးတည်းဆောင်ရွက်တော့ ဒေသခံပြည်သူတွေကြား ခွဲခြားမှုတွေကိုဖြစ်စေပြီးတော့ ရန်လိုမှုတွေပါတိုးပွားလာနေတာမျိုး ကြားသိရတာတွေရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေအပေါ် တာဝန်ရှိတယ်လို့ခံယူသူတွေအနေနဲ့ ညီညွတ်ရေး ဆောင်ရွက်ပေးဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ဒီတော့ စစ်တပ်ရဲ့အင်တာနက်ဖြတ်တောက်မှုဟာ အန္တရာယ်ကြီးမားပါတယ်။ ထိရောက်မှုလည်းရှိနေပါတယ်။ဒါပေမဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဇွဲ၊လုံလကြီးမှု၊ဆင်ခြင်သုံးသပ်နိုင်မှု၊ နည်းပညာကျွမ်းကျင်မှု၊ ကမ္ဘာကြီးရဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုတွေကြောင့် စစ်တပ်ဟာ ထင်သလိုတော့ လုပ်ကိုင်မရတဲ့အနေအထားရောက်နေပါတယ်။

DW ။ အင်တာနက်အခက်အခဲကြောင့် စာစဥ်တွေဖြန့်ချိရာမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနေရလဲ။

ဖြေ ။ တချို့အပတ်တွေဆို အင်တာနက်လုံးဝဖြတ်ခံထားရတဲ့အတွက် နယ်ဝေးတွေအထိသွားပြီး အင်တာနက်သုံးစွဲပြီး စာစဉ်အခြေအနေ၊ တစ်ပတ်အတွင်း နိုင်ငံရေးအခြေအနေတွေကို မေးမြန်းယူရတဲ့ဖြစ်စဉ်တွေရှိပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေကြုံတွေ့ရတာတော့ အင်တာနက်၊လမ်းခရီး၊ရာသီဥတုစတဲ့ ဒဏ်မျိုးစုံကို ခံကြရတာပါပဲ့။ဒါပေမဲ့ လူထုနဲ့တွေ့ဆုံပြီး ဆွေးနွေးဖလှယ်ရင်း အပြန်အလှန်အားယူရင်း အခက်အခဲတွေကို ရင်ဆိုင်လျက်ပါ။လူထုဟာ တော်လှန်ရေးအားလုံးရဲ့ အဖြေမဟုတ်ပါလား။

DW ။ ဖြည့်စွက်ပြောချင်တာပြောပေးပါ။

ဖြေ ။ ဒေသအတွင်းမှာ အင်တာနက် ဖြတ်တောက်ခံရတဲ့ နယ်မြေတွေဟာ အတော်များပြားပါတယ်။ဒီအတွက် တခြားနယ်မြေကရဲဘော်တွေအနေနဲ့လည်း လူထုကို တော်လှန်ရေးစာစဉ်တွေမျှဝေရင်း အတွေးအမြင်နှီးနှောဖလှယ်တာ၊ လူထုရဲ့အခက်အခဲ၊ဒုက္ခတွေကို ကူညီဖြေရှင်းပေးတာတွေ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။တော်လှန်ရေး‌ အောင်မြင်ရေးအတွက် ပထမဆုံးပညာတတ်တဲ့မျိုးဆက်တွေကို မွေးယူရမှာဖြစ်ပြီး ပညာတတ်ဖို့အတွက် ဆင်ခြင်တုံတရား အားကောင်းတဲ့ လူ့အဖွဲ့အစည်းကို ထူထောင်ရမှာဖြစ်ပါတယ်။ ဒီတော့ ဉာဏ်ပညာနဲ့ချစ်ခြင်းတွေ အားကောင်းတဲ့နယ်မြေအသီးသီးကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တည်ဆောက်ရင်း ဖက်ဒရယ်ဒီမိုက‌ရေစီ‌‌အခြေပြု အဝန်းအဝိုင်းတွေကို ထူထောင်ကြရအောင်ပါ။

DW ။ ကျေးဇူးတင်ပါတယ် ။

“ဖုန်းဆက်မရလို့ သတင်းမရဘဲ စစ်ကြောင်းရုတ်တရုတ် ဝင်လာရင် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ဖြစ်နိုင်တယ်”

ထားဝယ်အရှေ့တောဒေသ ပခပ်ကျေးရွာနေ အမျိုးသားတစ်ဦး

DW ။ အခုလက်ရှိ အင်တာနက်၊ ဖုန်းလိုင်း၊ Facebook တွေအသုံးပြုလို့ရလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဖုန်းလိုင်းကတော့ ပြတ်တဲ့အခါလည်း ပြတ်တယ်။ အင်တာနက်ကတော့ သုံးလို့တော့ရတယ်။ Facebook တော့ သုံးမရဘူး။ မရဆို ကျွန်တော့်မှာ Facebook ထဲဝင်မရတာ တစ်လလောက်ရှိပြီ။

DW ။ အင်တာနက်နဲ့ ဖုန်း၊ Facebook မှာ ဘာတွေအသုံးများလဲ။ ဘာအတွက်အဓိကအသုံးများလဲ။

ဖြေ ။ အင်တာနက်ကတော့ Youtube, Facebook ,TikTok အကြည့်များတယ်။ သတင်းတွေ ဟာသတွေ ဇာတ်ကားတွေ စသဖြင့် အဲဒါတွေအကြည့်များတယ်။ အခု Facebook ထဲဝင်မရတော့ Youtube ကြည့်ဖြစ်တယ်။

DW ။ အခု စစ်ကောင်စီက Facebook ကိုပိတ်ဖို့ကြိုးစားတာ VPN တွေပိတ်ဖို့ကြိုးစားနေတယ်။ အဲလို ပိတ်တာက ဖုန်းလိုင်းဖြတ်တာ၊ အင်တာနက်ပိတ်ဖို့ကြိုးစားနေတာက ဘာကြောင့်လို့ထင်လဲ။ လူတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာစေလဲ။

ဖြေ ။ဘာကြောင့်ပိတ်လဲ သေချာမသိဘူး။ သတင်းအချက်အလက်တွေ ပေးမသိစေချင်လို့ လုပ်တာဖြစ်မယ်။ သူတို့သိစေချင်တဲ့သတင်းတွေကိုပဲ ပေးသိစေချင်ပြီး သူတို့မသိစေချင်တဲ့ သတင်းတွေကို ပေးမသိစေချင်လို့ ပိတ်တာဖြစ်မယ်။ လူတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆို Facebook ပိတ်လိုက်လို့တော့ အများကြီး သက်ရောက်မှု တော့မရှိဘူး။ Online ကနေဈေးရောင်း စီးပွားရေးလုပ်နေသူတွေအတွက် ထိခိုက်မှုတွေ ရှိနိုင်တယ်။ နောက်ပြီး ကျွန်တော်တို့ဒေသခံတွေအတွက်ကျတော့ Facebook ပေါ်က သတင်းတွေကိုကြည့်ပြီးတော့ သူများနား (အခြားလူတွေရှိတဲ့ဒေသတွေ)မှာတော့ ဒီလိုတွေဖြစ်နေပြီဆိုပြီး သတင်းတွေသိရတော့ ငါတို့နားမှာလည်း ဒါတွေဖြစ်လာနိုင်တယ်ဆိုတာမျိုး ကြိုတွေးထားလို့ရတယ်။

ဖုန်းလိုင်းတွေကတော့ ကျွန်တော်တို့ ဒေသခံအချင်းချင်းကြားမှာ အဓိကဆက်သွယ်ရတဲ့ အရာတစ်ခုပဲ။ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်လာတဲ့အခြေအနေကို တစ်ယောက်နဲ့ တစ်ယောက် ဖုန်းဆက်မေးပြီး ရှောင်သင့်ရှောင်ကြတယ်၊ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်ကြတယ်။ ဖုန်းဆက်မရလို့ သတင်းမရဘဲ စစ်ကြောင်းရုတ်တရုတ် ဝင်လာရင် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေဖြစ်နိုင်တယ်။ အဖမ်းခံရပြီဆိုတည်းက လုံခြုံရေးက အန္တရာယ်ကျရောက်နေပြီလေ။ ကျွန်တော်တို့ ဒေသမှာတော့ ဖုန်းလိုင်းကတော့ အဓိကအားထားနေရတယ်။

DW ။ ဒီလိုဆို သတင်းအချက်အလက်ရရှိမှုက လူတွေအတွက် ဘယ်လောက်အရေးကြီးလဲ။

ဖြေ ။ အရေးကြီးပါတယ်။ သတင်းအချက်အလက်တွေသိနေရမှပဲ စိတ်ချမ်းသာတယ်လေ။ အင်တာနက်လိုင်းရနေရင် အင်တာနက်ပေါ်ကနေ သူများဒေသက သတင်းတွေလည်း သိရမယ်။ ကိုယ့်ဒေသက သတင်းတွေလည်း သိရတယ်။ ဥပမာ-မောင်မယ်ရှောင်ကို စစ်ကြောင်းထိုးနေတယ်လို့ သတင်းရရင် အဲဒီစစ်ကြောင်းဟာ ရေဝိုင်း(ရွာ)ကနေ ကျွန်တော် တို့ အရှေ့တောကို မရောက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် သတင်းအချက်အလက်ရဖို့ သိပိုင်ခွင့်ဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။

နောက်တစ်ခုက Youtube၊ TikTok၊ Facebook အဲဒီပလက်ဖောင်းတွေပေါ်ကနေ ကျွန်တော်တို့ ဟာသတွေကြည့်တာ ဇာတ်လမ်းတွေကြည့်တာကလည်း ကျွန်တော်တို့အတွက် စိတ်အပန်းပြေစေတယ်လေ။ အခုခေတ်က TV မကြည့်ကြတော့ဘူး။ ဖုန်းနဲ့ပဲ ကြည့်ကြတော့တာ။ အဲတော့ စိတ်အပန်းပြေစရာ ကြည့်ဖို့ ဒါတွေပဲရှိတာ။

“မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့အထိ လင်မယားနှစ်ယောက် ဖုန်းတွေလိုက်ဆက် သတင်းမေးရတယ်။ အခြေအနေကောင်းလား။ အဲဒါသိရမှပဲ တစ်နေ့တာ အလုပ်ဖြောင့်ဖြောင့်လုပ်ရတာ”

ဒေသခံအမျိုးသမီးတစ်ဦး၊ ဝဲရစ်ရွာ၊ သရက်ချောင်းမြို့နယ်

DW ။ အခုလက်ရှိ အင်တာနက်လိုင်း WiFi လိုင်း၊ ဖုန်းလိုင်း Facebook နဲ့ VPN အသုံးပြုရတာအဆင်ပြေရဲ့လား။

ဖြေ ။ မပြေဘူး။ အင်တာနက်လိုင်းနဲ့ Facebook က သုံးရတဲ့အခါလည်း ရတယ်။ မရတဲ့အခါလည်း မရဘူး။ VPN ခံပြီးသုံးတာပဲ။ VPN မခံရင် သုံးမရဘူး။

DW ။ အင်တာနက်၊ WiFi နဲ့ ဖုန်းလိုင်းတွေကို ဘာအတွက် အဓိက အသုံးပြုနေတာလဲ။ ဘယ်လိုအဆင်မပြေတာလဲ။

ဖြေ ။ အင်တာနက်နဲ့ Facebook ကနေ သတင်းလည်းကြည့်တယ်၊ ရုပ်ရှင်တွေလည်း ကြည့်တယ် အစုံပဲကြည့်တာကတော့။ ဘာလို့ မရတာလည်းတော့မသိဘူး။ လိုင်းကြည့်လို့တော့ မရတော့ဘူးပေါ့။ သတင်းကတော့ မဇ္စျိမသတင်းဌာနက သတင်းတွေကို TV ကနေ ကြည့်တယ်။

DW ။ လူတွေအတွက် သတင်းအချက်အလက်ရရှိမှုဟာ ဘယ်လောက်ထိအရေးပါတယ်လို့ပြောလို့ရမလဲ။

ဖြေ ။ အရေးကြီးတာပေါ့။ မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့အထိ လင်မယားနှစ်ယောက် ဖုန်းတွေလိုက်ဆက် သတင်းမေးရတယ်။ အခြေအနေကောင်းလား။ အဲဒါသိရမှပဲ တစ်နေ့တာ အလုပ်ဖြောင့်ဖြောင့်လုပ်ရတာ။ ညမိုးချုပ်တဲ့အထိပဲ ကိုယ်နဲ့နီးစပ်ရာအသိမိတ်ဆွေတွေကို ဖုန်းတွေလိုက်ဆက်ရတယ်။ ကိုယ့်မှာရှိတဲ့ဖုန်းတွေဆက်မရရင် ကိုယ့်ရွာသားတွေထဲက လူတွေအချင်းချင်း ဆက်ပြီးမေးကြမြန်းကြရတယ်။ အဲဒါစိတ်ချရပြီဆိုမှ ညဘက်ကို ခေါင်းအေးအေးနဲ့ စိတ်ချလက်ချအိပ်နိုင်တယ်။

အင်တာနက်လိုင်းနဲ့ Facebook ကတော့ မရလည်း မကြည့်ဖြစ်ဘူး။ အိမ်က ကလေးတွေပဲ လိုင်းကြည့်တယ်။ သူတို့ကတော့ ကလေးတွေဆိုတော့ လိုင်းရအောင်လုပ်တတ်ကြတယ်။ အစ်မတို့က အသက်ကြီးပြီဆိုတော့ ဖုန်းလည်း ကောင်းကောင်းမကျွမ်းဘူး။ သတင်းတွေကတော့ TV ကနေ ကြည့်တယ်။

DW ။ အဲဒီသတင်းအချက်အလက်တွေမရရင် လူထုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ ဘယ်လောက်ကြီးမားတဲ့ အခက်အခဲပြဿနာတွေကြုံရနိုင်လဲ။

ဖြေ ။ သတင်းအချက်အလက်ရဖို့ အရေးကြီးတာပေါ့၊ စစ်တပ်က စစ်ကြောင်းထိုးလာရင် တောင်(ဘက်)လာ မြောက်ပြေး မြောက်ကလာ တောင်ပြေးရတယ်။ ထမင်းထုပ်တန် ထုတ်ထား။ အထုပ် ထုပ်တန်ထုပ်ထားရတယ်။ အဓိကတော့ ဖုန်းလိုင်းကို အဓိကအားကိုးနေရတာ။

“ဖုန်းလိုင်းတစ်ခု ပြတ်တောက်သွားရင်တော့ လူတွေကတော့ မျက်စိကန်းနားပင်းဖြစ်ကုန်မှာပေါ့ ”

အသက် ၄၀ ဝန်းကျင် CDM ကျောင်းဆရာတစ်ဦး
တကူကျေးရွာအုပ်စု၊ တနင်္သာရီမြို့နယ်

DW ။ တနင်္သာရီဘက်မှာ ဖုန်းလိုင်း၊အင်တာနက်လိုင်း၊ Facebook တွေ သုံးရတာ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ အင်တာနက်ဖုန်းလိုင်းအခြေအနေဆိုတာက တကူ(ရွာ)မှာကျတော့ တယ်လီနောက မရဘူးပေါ့။ MPT တစ်လိုင်းတည်းရှိတဲ့အခါကျတော့ လူသုံးများရင် ဖုန်းဆွဲအားများတဲ့အခါကျတော့ လိုင်းတွေက အရမ်းမကောင်း ဘူးပေါ့။ မရတဲ့အခါမရဘူးပေါ့။ MPTလည်းပဲ တစ်ခါတစ်လေ မရတဲ့ရက်ဆို တစ်ရက်နှစ်ရက်လောက် မရတဲ့ရက်တွေလည်း ရှိတယ်။

DW ။ ဘယ်အချိန်က စပိတ်တာလဲ။ ဘယ်လိုအခြေအနေတွေမှာ ပိတ်လေ့ရှိလဲ။

ဖြေ ။ ဖုန်းလိုင်းတွေကကျတော့ ဒီတစ်နှစ်ဝန်းကျင်မှာ ပိုပြီးတော့ဆိုးဝါးလာတယ်။ အရင်တုန်းကကျတော့ အခက်အခဲသိပ်မရှိခဲ့ပေမယ့် အခုနောက်ပိုင်းကျတော့ ဆီတွေဘာတွေဈေးတက်တဲ့အခါတွေမျိုး သွားလာရ အခက်အခဲဖြစ်တာတွေမျိုးဆိုရင် ဖြစ်လာတာမျိုးပေါ့။ လပိုင်းအနေနဲ့ဆိုရင်တော့ ရတဲ့အခါကရပြီး မရတဲ့အခါက မရတော့ သိပ်ပြီးတိတိကျကျပြောပြမတတ်ဘူးဖြစ်နေတာပေါ့။ အနိမ့်ဆုံးကတော့ တစ်နှစ်ဝန်းကျင်ရှိပြီလို့တော့ ပြောလို့ရတယ်။ ဒီတစ်နှစ်ဝန်းကျင်မှာ ပိုဆိုးလာတာပေါ့။ တနင်္သာရီရဲ့ တစ်နေရာမှာတိုက်ပွဲဖြစ်တဲ့အခါမျိုးဆိုရင် ဖုန်းလိုင်းတစ်ရက်လောက် ပြတ်တဲ့အခါမှာဆိုလည်း ပြတ်သွားတယ်။

DW ။ ဒီလိုမျိုးဖုန်းလိုင်းတွေ ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတော့ သတင်းအချက်အလက်သိချင်ရင် ဘယ်လိုလုပ်ရလေ့ရှိလဲ။

ဖြေ ။ ဖုန်းလိုင်းတွေ လုံးဝမရဘူးဆိုလို့ရှိရင် ကျွန်တော်တို့ဘက်မှာကကျတော့ ရေဒီယိုရှိတဲ့သူလည်းရှိတယ်။ ပြီးတော့ စလောင်းတွေရှိ သူလည်းရှိတယ်ဆိုတော့ အဲဒါကကြည့်ကြတာပေါ့။ အဓိကကတော့ ဖုန်းပဲအသုံးများတယ်ဆိုတော့ ဖုန်းထဲကနေ သတင်းတွေပဲနားထောင်များတာပေါ့။ အဲလိုနှစ်ခုလုံးမရှိတဲ့ မသုံးတဲ့ အိမ်တွေလည်းရှိတယ်ပေါ့။

DW ။ ဒေသခံတွေအတွက် သတင်းအချက်အလက်သိပိုင်ခွင့်က ဘယ်လောက်အထိ အရေးကြီးတယ်လို့ မြင်လဲ။

ဖြေ ။ အဓိကကတော့ လေကြောင်းအတွက် အဓိကနည်းနည်းဖြစ်တာပေါ့။ သတင်းအဓိကသိမှလည်းပဲ အဆင်ပြေတာပေါ့။ မြိတ်က လေယာဉ်တက်လာတယ်ဆိုတာသိမှလည်း ဒီဘက်မှာပြင်ဆင်လို့ရတာပေါ့နား(နော်)။ အခုက ဖုန်းလိုင်းလုံးဝပြတ်တောက်တဲ့အချိန်မှာဆိုရင်တော့ အားလုံးက ရင်တမမဖြစ်နေတာပေါ့။ သတင်းကတော့ အခြေအနေတွေကို သိချင်တယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အပေါ်ဘက်မှာ ဖြစ်နေတာတွေကို သိချင်ကြတာပေါ့။ ဘီဘီစီတို့၊ မဇ္ဈိမတို့စတဲ့ သတင်းဌာနကနေ လိုက်နားထောင်နေကြတာပေါ့။ မြန်မာအသံတို့က နားမထောင်ကြဘူးလေ။ ဘီဘီစီတို့၊ မဇ္ဈိမတို့စတဲ့ သတင်းဌာနတွေက နိုင်ငံအနှံဖြစ်နေတဲ့အရာတွေကို သိလို့ရနေတယ်လေ။ တခြားသူတွေအတွက်မသိပေမယ့် ကျွန်တော်အတွက်ဆိုရင်တော့ အထက်မြို့တွေမှာ ဘာတွေဘာလိုဖြစ်နေလဲဆိုတာကို သတင်းတွေကို သိချင်လို့ လိုက်နားထောင်တာပေါ့။ အမှန်တိုင်းပြောရရင် သတင်းတွေမှာလည်း အရေးကြီးတဲ့ အချက်အလက်တွေပါတယ်လေ။ ကိုယ့်ရွာဘက်မှာ လက်ရှိ ပြီးခဲ့တဲ့အပတ် လေယာဉ်လာပစ်တဲ့အခါတုန်းကဆိုရင် သတင်းမရလိုက်နိုင်ဘဲ ဗုံးကြဲသွားတာ။ ဘာပဲပြောပြော အဓိကကတော့ ဖုန်းလိုင်းပေါ့။ ဖုန်းလိုင်း အင်တာနက်လိုင်းရှိနေမယ်ဆိုလို့ရှိရင် ကျွန်တော်တို့အတွက် တစ်ယောက်ကနေတစ်ဆင့် သတင်းတွေကို သိဖို့လိုတာပေါ့။ အခြေအနေအချိန်တွေကို ကြည့်ပြီးတော့ အလုပ်လုပ်ရတာပေါ့။အပေါ်က သတင်းတွေရတဲ့အခါကျတော့လည်း အပေါ်ဘက်က သတင်းတွေလိုက်ကြည့်တယ်ဆိုတာကလည်း အပေါ်ဘက်တွေဘယ်လိုဖြစ်နေတာလဲ။ အခြေအနေတွေကိုသိချင်လို့ လိုက်စုံစမ်းရတဲအခါတွေမျိုးလည်းရှိတယ်ပေါ့။

DW ။ အခုဆိုရင် စစ်ကောင်စီက Facebook ကိုပိတ်ဖို့ ကြိုးစားနေတာရှိတယ်ပေ့ါ ။ အဲလို Facebook ပိတ်တာ၊ ဖုန်းလိုင်းဖြတ်တာ၊ အင်တာနက်ပိတ်နေတာက ဘာကြောင့်လို့ထင်လဲ။ လူတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာစေလဲ။

ဖြေ ။ သူတို့လုပ်တဲ့သတင်းတွေကို မသိစေချင်လို့ ဖုန်းတွေ အင်တာနက်တွေရှိရင် သူတို့လုပ်တဲ့လျှို့ဝှက်ချက်တွေကို အားလုံးသိကုန်မယ်။ အင်တာနက်သာရှိရင် သူတို့ဘာလုပ်လုပ် သတင်းတက်နေမှာလေ။ သူတို့လုပ်သမျှကို မသိစေချင်တဲ့သဘောလို့ ထင်မိပါတယ်။ ကြိုသိရင် ကြိုပြင်ဆင်ပြီး ရှောင်ရှားကြမယ်လေ။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် အလုပ်သွားပြီးပြန်လာတဲ့အခါမှာ VPN ကို သူတို့ချိန်းထားမှန်းလည်းမသိဘူးပေါ့။ VPN တစ်ချို့ကိုဝင်မရတော့ ကျွန်တော့်ဖုန်းပဲ ဖြစ်နေလားဆိုပြီးတော့ထင်သွားသေးတာ။ သတင်းတွေလည်းကြည့်မရတော့ အားလုံးက မျက်စိကန်းမျိုး(ကန်းသလို) ဖြစ်သွားတာပေါ့။ ကျန်တဲ့သူတွေကြည့်နေတဲအချိန်မှာ ကျွန်တော်က မကြည့်လိုက်ရဘူးပေါ့။ စိတ်ထဲမှာတော့ သူတို့ပိတ်ခြင်းအားဖြင့် အားလုံးအတွက်လည်း မျက်စိကန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ချက်တွေကို ပြောချင်တယ်ဆိုရင်တောင် စာပို့ထားလို့ရတာပေါ့။ VPN တို့မရှိဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့အတွက်ကတော့ အခက်အခဲတော့ ဖြစ်သွားမှာပေါ့နား။ ဒါပေမဲ့ မြန်မာပြည်ကသူတွေကလည်းပဲ အားလုံးကတော့ကြိုးပမ်းပြီးလုပ်နေကြတယ်လေ။ ဘာကိုအသုံးပြုရင် ဘာကကောင်းတယ်ဆိုပြီး သူတို့ပြန်လုပ်ကြိုးစားပြီးလုပ်နေကြတယ်ဆိုတော့ စစ်ကောင်စီဘက်က ဘယ်လောက်ပိတ်ပိတ် ကျွန်တော်တို့ ပြည်သူတွေကတော့ ကြိုးစားပြီးတော့လုပ်နေကြမှာပဲ။

DW ။ ဒါနဲ့ပတ်သက်ပြီး အခြားဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ လက်ရှိတော့ တစ်နိုင်ငံလုံးကတော့ (ဖုန်းလိုင်း)အဓိကရှိနေဖို့ပဲလိုတာပေါ့။ ဒါတစ်ချက်ကတော့ အဓိကပဲပေါ့။ ဖုန်းလိုင်းရှိနေရင် ဘာပဲဖြစ်ဖြစ်အစအဆုံး ဟိုနေရာလည်းဆက်သွယ်လို့ရသလို ဟိုနေရာကိုလည်း ဆက်သွယ်လို့ရတယ်။ ဖုန်းလိုင်းတစ်ခု ပြတ်တောက်သွားရင်တော့ လူတွေကတော့ မျက်စိကန်းနားပင်းဖြစ်ကုန်မှာပေါ့။ ကျန်တဲ့ဆက်သွယ်ချက်က ဘာမှမရှိဘူးလေ။