စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် သရဖုံကျေးရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှသိရသည်။
ယင်းကျေးရွာများဘက်သို့ ဇွန်လ ၂၆ ရက်မှစကာ ယနေ့ (ဇွန် ၃၀)အထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများ ကပြောသည်။
“နေ့တိုင်းတော့မပစ်ဘူး။ တစ်ရက်ပစ်လိုက် နားလိုက် လုပ်နေတယ်။ ရွာထဲလာကျတော့ လူတွေလည်း မနေရဲကြတော့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။
လက်နက်ကြီးကြောင့် လတ်တလော လူနှင့်နေအိမ်များထိခိုက်မှု မရှိသေးဟု ဒေသခံများကဆိုသည်။
ယင်းကြောင့် ဒေသခံများမှာ မြိတ်မြို့အပါအဝင် နီးစပ်ရွာကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသလို ကျန်ဒေသခံအများစုသည်လည်း ဘေးလွတ်ရာ တောတောင်အတွင်း တဲထိုးကာ အဆင်ပြေသလို နေထိုင်နေကြကြောင်း ဒေသခံများကပြောသည်။
“တာလပတ်မိုးပြီးနေတဲ့သူတွေ တောင်ယာတဲတွေမှာ နေတဲ့သူတွေရှိတယ်။ တာလပတ် မရှိတဲ့သူတွေကတော့ တောထဲက သစ်ခက်တွေ ခုတ်မိုးပြီး တဲထိုးနေကြတယ်။ လောလောဆယ် ဆန်ရိက္ခါရှိသေးပေမယ့် အချိန်ကြာလာရင်တော့ လိုအပ်လာမှာပဲ”ဟု တိမ်းရှောင်နေသည့် ဒေသခံအမျိုးသား ကပြောသည်။

ကျေးရွာနှစ်ရွာပေါင်း ထွက်ပြေးတိမ်းရှောင်နေသည့် အိမ်ထောင်စုပေါင်း တစ်ထောင်ဝန်းကျင်ရှိနိုင်သည်ဟု ခန့်မန်းပြောဆိုကြပြီး မြေပြင်အချက်အလက်ကိုတော့ အတိအကျမရရှိသေးပေ။
ပဝကျေးရွာအုပ်စုနှင့် မြိတ်မြို့သို့ အမြန်ယာဥ်တစ်စီးပြေးဆွဲနေပြီး အိုးအိမ်စွန့်ခွါ တိမ်းရှောင်သူများကိုလည်း ယင်းအမြန်ယာဥ်ဖြင့် ပို့ဆောင်ပေးနေကြောင်း ဒေသခံများ ထံမှသိရသည်။
တနင်္သာရီမြို့နယ် ပဝ၊လယ်သစ်၊သရဖုံ၊ မော်တုန်း စသည့်ကျေးရွာတစ်ဝိုက်သည် တော်လှန်ရေးအင်အားစုများ လှုပ်ရှားနယ်မြေဖြစ်ပြီး ယင်းကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။
တော်လှန်ရေးအင်အားစုများကလည်း ယခုရက်ပိုင်းအတွင်း ပဝရွာနှင့် ကုန်းလမ်းပေါက်သည့် တနင်္သာရီမြို့နယ် လယ်တောင်ယာရွာရှိ စစ်ကောင်စီယာယီတပ်စွဲထားသည့် နေရာသို့ သွားရောက်တိုက်ခိုက်ခြင်းများ၊ဒရုန်းဖြင့် ဝေဟင်မှ တိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး ပစ်ခတ်မှုကြောင့် နှစ်ဖက်အထိအခိုက်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပိုမိုဖြစ်ပွါးလာနေသည်။