ကြွက်များက လူကိုဒုက္ခပေးနိုင်သည့် ရောဂါပိုးမွှားအများအပြား သယ်ဆောင်ထားကြသည်။
မြို့ပြသန့်ရှင်းမှု အားနည်းသည့် မြန်မာနိုင်ငံတွင် ဈေးပတ်ဝန်းကျင်၊ အမှိုက်ပုံပတ်ဝန်းကျင်နှင့် အိမ်နောက်ဖေးလမ်းကြား အများစုတွင် ကြွက်များကို တွေ့ရလေ့ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နေရာအများစုတွင် အမှိုက်သိမ်းစနစ်ပျက်ယွင်းသွားခြင်းကလည်း ကြွက်ပေါများလာစေသည့် အချက်ဖြစ်သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ရွေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ဈေး၊ တန်းလျားများမှာ ကြွက်ပေါသည့် နေရာများဖြစ်သည်။
မကြာသေးခင်က ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး ကြွက်သေးပန်းထားသောအစားအစာကို စားမိရာမှတစ်ဆင့် သေဆုံးသည်ဆိုသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
ယင်းကြောင့် ကြွက်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးနှင့် မေးမြန်းထားချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း
DW – ကြွက်သေးကြောင့် လူတွေကျန်းမာရေးအပေါ် ထိခိုက်မှုတွေရှိတယ်လို့ ပြောကြတယ်ပေါ့နော်ဆရာ။ ဆိုတော့ ဆေးပညာအရဆိုရင် ဘာတွေဖြစ်လာနိုင်လဲခင်ဗျား။
Dr – ကြွက်သေးမှာပါတဲ့ဟာက အသည်းရောင်အသားဝါ(အေ)ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပါတာပေါ့လေ။ ကြွက်သေးကြောင့်လေ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့ဖူးတယ်ခင်ဗျား။အရင်တုန်းကလေ နာဂစ်ဖြစ်တော့ လပွတ္တာ(ဧရာဝတီတိုင်း) ဖက်မှာဆိုရင် ဖြစ်တယ်။ကြွက်သေးကြောင့် အသည်းရဲ့ဖန်ရှင်(လုပ်ငန်းဆောင်တာ)တွေ ပျက်တာပေါ့။ အသည်းက ကိုယ်ခန္ဒာက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ပေးတာလေ။ မဖယ်ပေးနိုင်ဘူး အသည်းဆဲလ်တွေ ပျက်စီးတယ်ဆိုရင် အဓိကကတော့ မျက်လုံးဝါတယ်ပေါ့ခင်ဗျား။ အစောဆုံး ကနဦးဖြစ်တာကတော့ မျက်လုံးဝါတယ်။ အဲဒီကနေ ကောင်းမွန်မျှတတဲ့ ကုသမှုမပေးဘူးဆိုရင် အသားဝါတယ် မျက်လုံးဝါတယ် ။ အဲဒီကတစ်ဆင့် အသည်းပျက်လာမယ် ကျောက်ကပ်တွေ ပျက်လာမယ်။ ကိုယ်ခန္ဒာတွေက ယားလာမယ်။ ဖောတယ် ယောင်တယ် အဲလိုလက္ခဏာတွေ ဖြစ်တယ်ပေါ့။ ဖောတယ် ရောင်တယ် မောတယ်ပေါ့။ အဲလိုလက္ခဏာတွေဖြစ်တယ်ပေါ့။ အဓိကကတော့ စောစောစီးစီးသိရင် ကုလိုက်ရင် ပြန်ကောင်းဖို့ ရာခိုင်နှုန်းကတော့ များတယ်ခင်ဗျား။
DW – ထိရောက်တဲ့ ကုသမှုမရဘူးဆိုရင် ဘာဖြစ်လာနိုင်လဲခင်ဗျား။
Dr – အသည်းပျက်မယ် ကျောက်ကပ်ပျက်မယ်။ ပြီးရင် ကိုယ်ခန္ဓာတွေမှာ သွေးယိုပြီးတော့ ဗိုက်ကြီးဖောလာပြီးတော့ သေတတ်တယ်ခင်ဗျား။ သူက ဖြစ်တဲ့ရာခိုင်နှုန်းလည်းနည်းတယ်။ ပြန်ကောင်းဖို့ရာခိုင်နှုန်းလည်း များတယ်။ ဒါပေမဲ့ သေတတ်တယ်။
DW -ဆိုတော့ ဆရာရှင်းပြတဲ့အထဲမှာတော့ ကြွက်သေးပါတဲ့ဟာစားမိရင် အန္တရာယ်ရှိတယ်။ သေတတ်တယ် ။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့်တော့ နည်းတယ်ပေါ့လေ ဆရာ။
Dr – ဟုတ်တယ်။ သေဖို့ရာခိုင်နှုန်းနည်းတယ်ပေါ့ဗျာ။ ဆီးဝါလာမယ် ဆီးနည်းလာမယ်။ ကိုယ်ခန္ဓာကမအီမသာဖြစ်မယ်။ မျက်လုံးဝါလာမယ် အသားဝါလာမယ်။ အရေပြားတွေယားမယ် ဒါနဲ့ကောင်းသွားတာချည်းပဲ။ စောစောကပြောသလို မောလာမယ် ကြပ်လာမယ် အနီကွက် အညိုကွက်တွေပေါ်လာမယ်။ ပြီးရင် ကတ္တရာစေးလို အမည်းရောင်ဝမ်းတွေ သွားရင်တော့ အဲဒါဆိုရင်တော့ စိုးရိမ်ရတဲ့အဆင့်ပေါ့။ ပါဝင်တဲ့ဗိုင်းရပ်စ် ပမာဏများလိုလေ အဲလိုတော့ရှိတယ်ခင်ဗျား။
DW – ကြွက်ကနေ အသားရောင်အသားဝါ(အေ)အပြင်ပေါ့နော် အခြားဘာရောဂါတွေဖြစ်နိုင်သေးလဲခင်ဗျား။
Dr – ကြွက်ဆိုရင်တော့ ရိုးရိုးလေးပဲ ပလိပ်(ရောဂါ)။ ကြွက်ရဲ့သန်းကဖြစ်တဲ့ ပလိပ်လည်း ကြောက်စရာကောင်းတာပေါ့။ ပြောချင်တဲ့အဓိပ္ပာယ်ကလေ ကြွက်သေးကဖြစ်တယ်ဆိုရင် ဒီကြွက်က အစားအသောက်နေရာတွေမှာလည်း သွားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လေ။အဲကြောင့်မို့လို့ သန်းကနေကူးတဲ့ ပလိပ်ရောဂါကလည်း စဉ်းစားရမယ့်အထဲ ပါတယ်ပေါ့နော်။ အဓိက အကြောက်ဆုံးကတော့ ပလိပ်(ရောဂါ)ပြန်ထလာမှာတော့ ကြောက်တယ်ခင်ဗျား။ သေဖို့ရာခိုင်နှုန်းမြင့်တာက ပလိပ်(ရောဂါ)ပဲ ခင်ဗျား။ အခုလောလောဆယ်မှာ ပလိပ်ရောဂါကင်းစင်နေတယ်လို့ ပြောတာပေါ့နော်။ ဒါပေမဲ့ ကြွက်ထဲမှာရှိတယ်။ ကြွက်ကနေ လူကိုကူးတဲ့အဆင့်တစ်ခုကို လှည့်စားထားနိုင်တယ်။
(ပလိပ်ရောဂါမှာ ကမ္ဘာ့သမိုင်းတွင် လူအသေအပျောက်အများဆုံး ရောဂါဖြစ်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအသွင် ကျရောက်တတ်သောကြောင့် အဓိကစောင့်ကြည့်ရမည့်ရောဂါအဖြစ် ၂၀၀၇ ခုနှစ် ဇွန်လအထိ သတ်မှတ်ထားသည်)
DW – အခြားဖြည့်စွက်ပြောဖို့များရှိသေးလား ဆရာခင်ဗျား။
Dr – ကြွက်နဲ့ပတ်သက်ပြီးဖြည့်စွက်ပြောချင်တာကလေ သန့်သန့်ရှင်းရှင်းနေပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတယ်။ စားကြွင်းစားကျန်တွေကို စနစ်တကျစွန့်ပစ်ဖို့၊ ပတ်ဝန်းကျင်မှာရှိနေတဲ့အမှိုက်တွေကိုလည်း လွယ်လင့်တကူမပစ်ဖို့ပေါ့လေ။ ဒီလိုမျိုးရှိတယ်။ အခုဟာက ဖြစ်နေတဲ့ပြဿနာက အမှိုက်သိမ်းစနစ်တွေကလည်း ပျက်နေတာတွေလည်း ပါတယ်ခင်ဗျား။
အခုက ဖြစ်နေတာကလေ ဆင်းရဲတဲ့သူမှမဟုတ်ဘူး။ ဝင်ငွေအလယ်အလတ်တန်းစားရှိတဲ့ မိသားစုတွေကအစလေ စနစ်တကျ အမှိုက်စွန့်ပစ်တာတို့ အစားအသောက်တွေကို ဖုံးအုပ်ထားတာတို့ သေချာကျက်အောင် ချက်ပြုတ်တာတို့ မရှိဘဲနဲ့လေ ကြွက်တွေက ပိုများလာတယ်။ ဒီနှစ်ပိုင်းအတွင်းမှာလေ။ ပတ်ဝန်းကျင်မှာ ကြွက်နှိမ်နင်းရေးလုပ်နိင်ရင် လုပ်ပေါ့နော်။ မလုပ်နိုင်ရင် အဓိကကတော့ စားခါနီးမှ ချက်ပေါ့။ ကျက်အောင်ချက်ပေါ့။ ပြီးရင် ဖုံးအုပ်ထားဖို့ပေါ့။
DW – တစ်ခုလေးထပ်မေးချင်တာက ကြွက်သေးပါသွားတဲ့ စားစရာပေါ့နော်။ သိသွားတယ်ဆိုရင် စားစရာကို ပူပူနွေးနွေးပြန်နွေးမယ်ဆိုရင် အဲဒီဗိုင်းရပ်စ်က သေသွားနိုင်လားခင်ဗျား။
Dr – အဲလို(ပြန်နွေးရင်)ဟင်းက အရသာ ပျက်သွားမယ်လေ။ ဗိုင်းရပ်စ်သေဖို့အတွက်ဆိုရင် အပူချိန် ၇၀ (ဒီဂရီစင်တီဂရိတ်)အထက်ကို ၁၅ မိနစ်ကနေ နာရီဝက်ကြားထဲထားလိုက်မှ။ ဒါဆိုဟင်းက ပျက်သွားမှာပေါ့။ ဆိုတော့ ကြွက်က ဒီဟင်းပွဲကို အုပ်ဆောင်းနဲ့ အုပ်ထားတယ်ပေါ့။ ဒါပေမဲ့ အုပ်ဆောင်းကို ဖောက်ပြီးမှ ကြွက်ကဝင်သွားပြီး ကြွက်စားသွားတဲ့ဟာဆိုရင် သေချာတယ် မစားတာကောင်းတယ်။ အသည်းရောင်အသားဝါ(အေ)ကို သတ်နိုင်ပေမယ့် ပလိပ်ကိုတော့ သတ်နိုင်ချင်မှ သတ်နိုင်မယ်။ အဲလိုမျိုးလက္ခဏာတွေရှိရင်တော့ မစားတာ အကောင်းဆုံးပဲ။ ပြီးရင် အဲလိုလက္ခဏာတွေတော့ မရှိဘူး။ အသားစိမ်းငါးစိမ်းတွေဝယ်လာတယ်။ ချက်ဖို့အုပ်ထားတယ် ပြီးရင်ချက်တယ်မဟုတ်လား။ ကျက်အောင်ချက်ခင်ဗျား။ ချက်ပြီးတာနဲ့ တစ်ခါတည်းစားပေါ့နော်။ မစားသေးဘူးဆိုရင်တော့ ဖုံးအုပ်ထားဖို့ လိုလိမ့်မယ်ခင်ဗျား။
DW – အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။