ပုံမှန်အားဖြင့်ဆိုရင် အပျင်းကြီးသူတွေကို လူလို သူလို မဖြစ်နိုင်သူတွေ၊ ဘဝမှာ ဘာမှ ထူးထူးထွေထွေ မဖြစ်နိုင်သူတွေလို့ ထင်တတ်ကြပါတယ်။ ဒါ ကြောင့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းတွေ၊ ဟောပြောပွဲတွေမှာ လူတွေ ကြိတ်ကြိတ်တိုးနေတတ်တယ်။
စာကြိုးစားဖို့၊ အလုပ်ကြိုးစားဖို့၊ အချိန်ဇယားနဲ့ ရည်မှန်းချက်ထား အလုပ်လုပ်ဖို့ စသည်ဖြင့် တိုက်တွန်းလေ့ ရှိတယ်။ အဲလိုမဟုတ်ရင် လူမွေးသူမွေး မပြောင်ဘူး ဖြစ်မယ် ဆိုကြတာကိုး။
အခုတော့ လူပျင်းတွေဟာ ပိုအောင် မြင်နိုင်ကြောင်း သိပ္ပံပညာရှင်တွေ စတင်ဖော်ထုတ်လာကြပါပြီ။
သမိုင်းကြောင်းအရတောင် သက်သေပြချက်တွေ ရှိပါတယ်။
ပြောင်းလဲဖြစ်ပေါ်မှုဆိုင်ရာ သီဝရီကို တီထွင်ခဲ့တဲ့ ကမ္ဘာကျော် ပညာရှင်ကြီး ချားလ်ဒါဝင်ဆိုရင် အပျင်းကြီးတဲ့နေရာမှာ နာမည်ကျော်ပါတယ်။ ကျောင်းတုန်းကဆို ဆရာဆရာမတွေ၊ မိဘတွေက သဒ္ဒါနဲ့ သင်္ချာကို ဒါဝင်ကို သင်ပေးဖို့ တော်တော် လက်ဝင်သတဲ့။ သင်ခန်းစာ တန်းလန်းနဲ့တောင် အိပ်ပျော်သွားသတဲ့လေ။ သူက စာသင်ရမယ့်အစား ငါးမျှားတာ၊ ငှက်ပစ်တာမျိုးလောက်ကိုသာ အများအားဖြင့် စိတ်ဝင်စားသတဲ့။
ကောလိပ်ကျောင်းသား ဘဝမှာလည်း တစ်ချိန်လုံး ဘုံဆိုင်ရောက်နေလေ့ရှိတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာသာ သင်တာ နှေးနှေးကွေးကွေး လေးလေးပင်ပင် လုပ်နေတတ်တယ်။ တစ်ခုခု ပြီးဖို့ဆို နှစ်ချီကြာတတ်တယ်လို့ ဆိုပါတယ်။
နောက်တစ်ယောက်ကတော့ ဗြိတိန်က ထင်ရှားတဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ ဝင်စတန်ချာချီပါ။ သူကျောင်းတုန်းကဆိုရင် စာမေးပွဲ အမှတ်တွေ ဆိုးလွန်းလှတယ်။ နောက်ပြီး ကောလိပ်ကျောင်းလည်း မတက်ခဲ့ရဘူးတဲ့။ အားကစားလည်း စိတ်မဝင်စားဘူး။ သူအကြိုက်ဆုံး အလုပ်က လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်နေခြင်းပါပဲတဲ့။ နောက်တော့ သူဟာ ကမ္ဘာကျော် နိုင်ငံရေးသမားနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတော့တာပဲ။
အဲဒီလို အပျင်းကြီးပြီး ကမ္ဘာကျော်တဲ့သူတွေထဲမှာ ကားလ်မတ်စ်၊ အိုင်းစတိုင်း၊ နယူတန်၊ ပီကာဆို တို့လို ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ ဒါကြောင့် ပျင်းခြင်း သက်သက်က ပြဿနာ မဟုတ်ပါဘူး။ အပျင်းကြီးသူတွေမှာ ပိုပြီးအောင်မြင်ဖို့ အခြေအနေတွေတောင် ရှိပါသေးတယ်။
ငပျင်းတွေဟာ တီထွင်ထိုးထွင်းတတ်သူတွေ
အပျင်းကြီးသူတွေဟာ အတော့ကို ထီထွင်ဖန်တီး တတ်သူတွေ ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ သိပ်ပြီးတော့ ယောင်တောင်တောင် လုပ်မနေ ဘူး။ လိုရင်းကို တန်းပြီး လုပ်ပစ်လိုက်တယ်။ ပြီးတော့ သူမပါဘဲ အလုပ်တွေ ဘယ်လိုပြီးအောင် စီမံထားရမယ် ဆိုတာမျိုးကို အမြဲကြံဆနေတတ်သူတွေ ဖြစ်ပါတယ်။
နောက်ပြီး အပျင်းကြီးသူတွေဟာ အတော့်ကို သက်သက်သာသာနေချင်တတ်တော့ အဲလိုလည်း နေရအောင် အလုပ်လည်းဖြစ်အောင် ကြံဆောင်နေ တတ်တယ်။ တော်တော်များများသော စက်တွေက ငပျင်းတွေ ကြံဆလုပ်ကိုင် ခဲ့တာမျိုးပါ။ ဥပမာ မြက်ရိတ်ရပျင်းတော့ မြက်ရိတ်စက် ထွင်တာ၊ ပန်းကန်ဆေးရ ပျင်းတော့ ပန်းကန်ဆေးစက် ထွင်တာမျိုးတွေပေါ့။
ငပျင်းတွေဟာ စွန့်ဦးတီထွင်သူတွေ
အများအားဖြင့်တော့ အပျင်းကြီး သူတွေဟာ စွန့်ဦးတီထွင်သမားတွေပါ။ သူတို့မှာ စိတ်ကူးစိတ်သန်းတွေ၊ စီမံကိန်းတွေ ရှိနေတတ်ပါတယ်။ ဘာလို့ဆို သာမန်မဟုတ်တဲ့ ထူးထူးခြားခြားပုံစံနဲ့ စိတ်ကူးတွေးတော တတ်သူတွေ ဖြစ်လို့ ပါပဲ။ နောက်ပြီး အလုပ်လုပ်တဲ့နေရာမှာ စိတ်လှုပ်ရှားစရာတွေ ဖြစ်နေတာကို ကြိုက်တယ်၊ ရလဒ်ကောင်းထွက်ဖို့လည်း အာမခံတယ်တဲ့။
ဘယ်အချိန်မှာ နားနားနေရမယ်ဆိုတာ သိသူတွေ
အရေးကြီးဆုံး အချက်တွေထဲမှာ ဘယ်အချိန်မှာတော့ နားနားနေနေ နေရမယ် ဆိုတာပါ။ ဒါမှာ ကိုယ့်မှာ အားပြန် ပြည့်လာပြီး နောက်ဆက်လုပ်မယ့် အလုပ်တွေကို တက်လှမ်းနိုင်မှာပါ။ ကိုယ့်ကိုကိုယ် မညှာမတာ ပြင်းပြင်းထန်ထန် အလုပ်လုပ်စေတာဟာ မှတ်ဉာဏ်မြန်မြန် ကျစေတတ်ပါတယ်တဲ့။ နောက်ပြီး ကိုယ်က ညဘက်မှာ ပိုပြီး အလုပ်တွင်တဲ့ သူ၊ ညနက်ပိုင်းအထိ လုပ်တတ်ကိုင်တတ် သူဆိုရင် စောစောထခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူးတဲ့။ အသက် ၄၀ နောက်ပိုင်းဆို ပိုဆိုးပါတယ်တဲ့။ ဒါကြောင့် အပျင်းကြီးသူတွေ အေးရာ အေးကြောင်း နေတတ်တဲ့အကျင့်က အဲဒီမှာ အားသာချက် ရှိသွားပါရော။
အလောကြီးတတ်သူတွေ မဟုတ်
အပျင်းကြီးသူတွေဟာ အလောတကြီး အလျင်စလို မလုပ်တတ်ပါဘူး။ တစ်ခုပြီးတစ်ခုလည်း ဆက်တိုက် လုပ်နေတာမျိုး သိပ်မရှိပါဘူး။ အချိန်ဆွဲပြီး လုပ်လေ့ရှိပါတယ်။ ပညာရှင်တွေ အဆိုအရ အလောတကြီး လုပ်တတ်သူတွေဟာ စိတ်ပူရင်ဆာ ဖြစ်နေတတ်သူတွေ ဖြစ်တယ်။ အဲလိုဖြစ်ရင် အာရုံစူးစိုက်မှု လျော့ကျပြီး အမှားများတတ်၊ အလုပ်မပြီး ဖြစ်တတ်ပါတယ်။ ဆိုတော့ ငပျင်းတွေကကြတော့ စိတ်လည်း စိတ်ပူနေသူတွေ မဟုတ်တတ်၊ အေးအေးဆေးဆေး လုပ်တတ်တော့ အလုပ်ကို စိတ်အေးလက် အေးနဲ့ မှန်မှန်ကန်ကန် ပြီးတာပေါ့။
ကိုယ်ဘာလိုချင်လဲဆိုတာ သိသူတွေ
ကိုယ့်ပန်းတိုင်ကို ကိုယ်သိတယ်။ အဲဒီကို သွားဖို့ ဘယ်ဟာတွေကို ဦးစား ပေးရမယ်၊ ဘယ်လို ဦးစိုက် လုပ်ဆောင် ရမယ်ဆိုတာ သိတယ်။ အခြားသူတွေပြောတိုင်း လျှောက်ပြီး လမ်းကြောင်းလွဲ လုပ်တတ်တာမျိုး မဟုတ်ပါဘူး။ တကယ်တော့ အဲဒါကလည်း သူတို့ အခြားသူတွေရဲ့ ပြောစကားတွေကြောင့် လမ်းကြောင်း လွဲသွားမှာ စိုးတယ်ဆိုတာထက် အခြားသူ တွေပြောတာကို သိပ်ပြီးတော့ စိတ်ဝင်တစား မရှိတာ၊ နားထောင်ရပျင်းတာ မျိုးကြောင့်ပါ။
ဘယ်လိုပျင်းရမလဲ စဉ်းစားရသူတွေ
ဘာလုပ်ရမယ်ဆိုတာကိုသိ၊ ဘာလိုချင်လဲ ဆိုတာကိုသိတော့ လုပ်စရာ ရှိတာကို မြန်မြန်ဖြတ်ပြီး နားနားနေနေ နေဖို့ပဲ အမြဲချောင်းနေတတ်သူတွေပါ။ ပြောရရင် ဘယ်လို ပျင်းရမလဲ အမြဲကြံနေသူတွေ ပါ။ ဒါကြောင့် အလုပ်ပြီးဖို့ ဖြတ်လမ်း အမြန်ရှာတတ်သူတွေ၊ တီထွင်ဖန်တီး ဉာဏ်ထွက်တတ်သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်ထဲမှာ အပျင်းကြီးတဲ့ ဝန်ထမ်းတွေရှိလို့ဆိုတိုင်း အလုပ် မပြီးတာတွေမျိုး ဖြစ်တာကို သိပ်စိတ်မပူပါနဲ့။ အပျင်းကြီးပြီး စမတ်ကျတဲ့ ဝန်ထမ်းတွေ ရှိဖို့သာ လိုတာ။ လုပ်ငန်းထဲမှာ အလုပ်အဖြစ်ဆုံး ဝန်ထမ်းတောင် ဖြစ်သွားနိုင်ပါ သေးတယ်။
လူမလှုပ်ချင်တော့ နည်းပညာသုံးသူတွေ
၂၀၁၅ ခုနှစ်မှာ ကျန်းမာရေး စိတ်ပညာနဲ့ ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ်တစ်ခုမှာ အပျင်းကြီးသူတွေဟာ ကိုယ်ခန္ဓာကြီးကို လှုပ်ရှားဖို့ သိပ်တက် တက်တက်ကြွကြွ မရှိသူတွေ၊ ဦးနှောက်ပိုသုံးသူတွေအဖြစ် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတော့ ဒီလိုခေတ်ကြီးမှာ နည်းပညာကို ကောင်းကောင်း အသုံးချတော့တာပဲ။ ထိုင်နေရင်းနဲ့ ရသမျှ ကိစ္စဝိစ္စတွေ ပြီးစေ မယ့်နည်းတွေ သုံးတော့တာပဲ။ လက်ကိုင် ဖုန်းတွေမှာ အမျိုးမျိုးသော ဝန်ဆောင်မှုတွေ ပေါ်လာတာ (ဥပမာ ဈေးအရောင်း အဝယ်လုပ်နိုင်တာ၊ အစည်းအဝေး လုပ်နိုင်တာမျိုး) ကလည်း အပျင်းသမားတွေအတွက် အသင့်ဖြစ်စေပါတယ်။
အပျင်းသမားတွေကသာ ဘယ်လို ပျင်းရမလဲဆိုတာ ရှာကြံပြီး နည်းမျိုးစုံ ကြံဆနေကြတာပါ။
အိုင်းစတိုင်းပြောတာကို ကိုးကား ကြသူတွေ ရှိတယ်။ ပျင်းရိညည်းငွေ့ခြင်းဟာ စိတ်ကူးစိတ်သန်းတွေ၊ တီထွင် ဖန်တီးမှုတွေ ဖော်ဆောင်ဖို့ အကောင်းဆုံး နည်းကိရိယာ တစ်ခုပါပဲတဲ့။
ကဲ . . . ပျင်းတာ အပြစ်မဟုတ် ပါနော်။ ဒါပေမဲ့ အလုပ်တော့ ဖြစ်ဖို့ လိုတယ်။
ငပျင်းတွေမှာ အောင်မြင်နိုင်တဲ့အချက်တွေ အများကြီး ရှိတယ်။
https://www.lifehack.org/312035/7-reasons-why-lazy-people-are-more-likely-successful