BREAKING
October 19, 2024

ထိုင်းတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက် ၆၀ နေထိုင်ခွင့်ရ နိုင်ငံများတွင် မြန်မာမပါ

May 30, 2024

ဓာတ်ပုံ - Khaosod English

ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လ ၁ ရက်မှစ၍ ဗီဇာမူဝါဒများ ဖြေလျှော့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ပြုမည့် နိုင်ငံပေါင်း ၉၀ ကျော်စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းမရှိကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ရရှိမည့်နိုင်ငံများစာရင်းတွင် ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ ပါဝင်လာခဲ့သော်လည်း မြန်မာ ပါဝင်လာခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံသားများအတွက် သီးသန့်ထုတ်ပြန်ချက် မရှိသေးသဖြင့် ယခင်ပုံစံအတိုင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် ၁၄ ရက်သာရဖွယ်ရှိနေသည်။ ဗီဇာဖြေလျှော့ရာတွင် မြန်မာနိုင်ငံ မပါဝင်ခြင်း အကြောင်းအရင်းကို မသိရသေးပေ။

ယခင်က ကမ္ဘောဒီးယားနိုင်ငံသားများသည် မြန်မာနိုင်ငံသားများနည်းတူ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ရရှိနေရာမှ ယခုဗီဇာဖြေလျှော့မှုကြောင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ရရှိလာမည်ဖြစ်သည်။

လာအိုနိုင်ငံကလည်း ယခုဗီဇာဖြေလျှော့ပေးမှုကြောင့် ရက် ၆၀ ထိုင်းနိုင်ငံတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်မည် ဖြစ်သည်။

ဗီဇာဖြေလျှော့ပေးမည့် အစီအစဉ်ကို ထိုင်းအစိုးရက မေလ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၁ ရက်နေ့တွင် အကျုံးဝင်လာမည်ဖြစ်သည်။

ဖြေလျှော့ပေးသည့်အစီအစဉ်တွင် ခရီးသွားမြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာနိုင်သည့် နိုင်ငံများကိုလည်း ယခင် ၅၇ နိုင်ငံမှ ၉၃ နိုင်ငံအထိ တိုးမြှင့်ပေးခဲ့သည်။

ဆိုက်ရောက်ဗီဇာအနေဖြင့်လည်း ယခင် ၁၉ နိုင်ငံကိုသာ ခွင့်ပြုထားရာမှ ၃၁ နိုင်ငံအထိ တိုးမြှင့်လက်ခံပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

တိုးမြှင့်သည့်နိုင်ငံများတွင် တရုတ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ သီရိလင်္ကာ စသော နိုင်ငံများစွာပါဝင်လာပြီး နေထိုင်ခွင့်ကိုလည်း ၆၀ ရက်အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဗီဇာမူဝါဒအသစ်အနေဖြင့် ရွေ့လျား အလုပ်လုပ်သူများ၊ ဒစ်ဂျင်တယ်လုပ်ငန်း အလုပ်လုပ်သူများ၊ ကိုယ်ပိုင်စီးပွားရေးသမား များ၊ မွေထိုင်းနှင့် ထိုင်းအစားအစာ၊ အနုပညာနှင့် အားကစား စိတ်ပါဝင်စားသော ပညာရှင်များအတွက် ရည်ရွယ်ပြီး ရက်ပေါင်း ၁၈၀ (၆လ) နေထိုင်ခွင့်ဗီဇာ Destination Thailand Visa (DTV) ကိုလည်း ထိုင်းအစိုးရက မိတ်ဆက်ထားသည်။

Ref: Thai Enquirer, The Nation Thailand