ထားဝယ်-ရန်ကုန် ကားလမ်းပြတ်တောက်နေသဖြင့် ထားဝယ်မြို့တွင် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းအချို့ ဝယ်ယူရခက်ခဲနေကြောင်း မြို့ခံအချို့နှင့် ကုန်စုံဆိုင်ပိုင်ရှင်အချို့က ပြောသည်။
စားသောက်ကုန်ထဲတွင် ဆန်နှင့် ဆီ ဝယ်ယူရခက်ခဲနေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“ကျွန်မတို့ ဝယ်စားနေကျ မှော်ရှယ် ဆန်ရှည် (ဆန်လုံးရှည်) ဆို ဝယ်လို့မရဘဲဖြစ်နေတယ်” ဟု မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။
စားသောက်ကုန်များကို ကုန်သည်များက ထုတ်မရောင်းပေးခြင်းလည်း ရှိကြောင်း မြို့ခံတို့က ဆိုသည်။
“ကုန်သည်တွေက သိတဲ့အတိုင်းပဲလေ။ ထစ်ခနဲရှိရင် မရောင်းပေးတော့ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်၊ ကား အပါအဝင် လျှပ်စစ်အပိုပစ္စည်းများလည်း ပြတ်လပ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။
“ဆိုင်အတွက်လိုတဲ့ ပစ္စည်းတွေမှာတာ မရသေးဘူးတဲ့။ ရန်ကုန်လမ်းပွင့်မှ ရမယ်လို့ ပြောတယ်” ဟု လောင်းလုံးမြို့နယ်ရှိ ဆိုင်ကယ်ပြင်ဆိုင် ပိုင်ရှင်လူငယ်တစ်ဦးက ဆိုသည်။
ယင်းအပြင် မွေးမြူရေးလုပ်ငန်းအတွက် ကြက်သားပေါက်နှင့် အစာများလည်း ဝယ်ယူမရဘဲ ဖြစ်နေကြောင်း အသားစားကြက် မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။
“ကျွန်တော့်လက်ထဲမှာ ကြက်ပြတ်သွားတာနဲ့ ကားလမ်းပြတ်တာနဲ့ ကွက်တိဖြစ်နေတာ အခုဆိုရင် ၁၅ ရက်လောက်ဖြစ်ပြီ။ (ကြက်သားပေါက်) ခြံမတင်ရတာ” ဟု ၎င်းက ပြောသည်။
ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် ကျုံအိတ်တံတားနှင့် မစောတံတား နှစ်စင်းမှာ မိုင်းခွဲခံရပြီး ပျက်စီးနေသဖြင့် အဆိုပါလမ်းပိုင်း ပြတ်တောက်နေခြင်းဖြစ်သည်။
“အခုဆိုရင် ဆယ်ရက်တစ်ပတ်လောက်ဖြစ်ပြီပေါ့။ ကားမဆင်းရတာ” ဟု ထားဝယ်မြို့ခံ ကုန်ကားမောင်းသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် တံတားနှစ်စင်းကို ဘေလီတံတားထိုးပြီး ဖြတ်သန်း ခွင့်ပြုနေသော်လည်း ကားပိတ်မှုဖြစ်ပေါ်နေဆဲ ဖြစ်သောကြောင့် ကုန်ကားများ ထားဝယ် မဆင်းနိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။
“ဘယ်အချိန် ရောက်မယ်ဆိုတာတော့ ခန့်မှန်းရခက်တယ်။ တံတားတွေကနေ (ကားတွေ) ဖြတ်နေတာ ရှိတယ်။ ကျွန်တော်တို့ကားလည်း သွားတိုးနေတယ်” ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။
မိုးကာအင်္ကျီကဲ့သို့သော မိုးရာသီသုံးပစ္စည်းများလည်း အသစ်မရောင်းနိုင်ဘဲ လက်ကျန်ပစ္စည်းများကိုသာ ထုတ်ရောင်းနေရကြောင်း မြို့ခံလက်လီ အထည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောဆိုသည်။