BREAKING
January 8, 2025

နယ်မှပြောင်းလာသည့် ကျောင်းသားများပြားသဖြင့် ထားဝယ်မြို့တွင် ကျောင်းအပ်ရန် အခက်အခဲဖြစ်

May 30, 2024

ပုံစာ - ထားဝယ်မြိုရှိ အခြေခံပညာကျောင်းတွင် ကျောင်းအပ်လက်ခံနေစဉ် (ပုံဟောင်း)

ယခုနှစ် ကျောင်းအပ်ရာသီတွင် ထားဝယ်မြို့ပေါ်ရှိ စာသင်ကျောင်းအချို့တွင် လက်ခံနိုင်သည့် ကျောင်းသား အရေအတွက်ထက် ကျော်လွန်သည်အထိ ‌ကျောင်းအပ်သူများပြားနေကြောင်း စုံစမ်းသိရှိရသည်။

နယ်မှ မြို့ပေါ်ပြောင်းလာပြီး ကျောင်းနေမည့်သူများမှာ ကျောင်းအပ်မရသည့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ကျောင်းသားမိဘအချို့က ပြောသည်။

“ကျွန်မဆို လေးကျောင်းရှိပြီ သွားနေတာ။ အခုထိ မရသေးဘူး။ ပုဂ္ဂလိက ကျောင်းတစ်ခုကတော့ ‌တစ်ရက်နှစ်ရက်နေရင် ဖုန်းပြန်ဆက်ပေးမယ်ပြောတယ်။ အခု အဲဒါပဲစောင့်နေတာ။ အဲဒါ မရရင်တော့ ဘယ်လိုလုပ်ရမယ် မသိသေးဘူး” ဟု သရက်ချောင်းမြို့နယ်မှ မူလတန်းကျောင်းသားမိခင် ဒေါ်ဆန်းမေက ဆိုသည်။

ယမန်နှစ်မှစပြီး စာသင်ကျောင်းများ မဖွင့်နိုင်သည့် နယ်ကျေးရွာတို့မှ ကျောင်းသားများမှာ ထားဝယ်မြို့ပေါ်ရှိ ကျောင်းများတွင် စုပြုံပြီး ကျောင်းအပ်သူများ သိသိသာသာ များပြားခဲ့သည်။

မြို့ပေါ်ရှိ ပုဂ္ဂလိကျောင်းများတွင်ပါ သတ်မှတ်ပမာဏ ပြည့်သွားသဖြင့် ‌ကျောင်းသား လက်မခံနိုင်သည့် အခြေအနေအထိ ဖြစ်ပွားခဲ့သည်။

ယခုနှစ်တွင်မူ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တကြော၊ ရငဲ၊ ကနက်သီရိ၊ ကျွဲမင်းကုန်း စသည့် ကျေးရွာများတွင်ပါ တိုက်ပွဲများပိုမိုပြင်းထန်လျှက်ရှိသည်။

တိုက်ပွဲပြင်းထန်လာသည့် ဒေသရှိ ကျောင်းသားများပါ ထားဝယ်မြို့ပေါ်ကျောင်းများသို့ ထပ်မံရောက်ရှိလာသဖြင့် မြို့ပေါ်ရှိ ကျောင်းအချို့ သတ်မှတ်ကျောင်းသားဦးရေ ကျော်လွန်နေခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

နယ်ဒေသခံအအများစုမှာ ထားဝယ်မြို့သစ်တွင် လာရောက်နေထိုင်ကြသဖြင့် မြို့သစ်နှင့်နီးသည့် စာသင်ကျောင်းများ၊ အမှတ် ၁ ကျောင်းကဲ့သို့ နာမည်ကြီးသည့် ကျောင်းများကို စုပြုံကျောင်းအပ်နေခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူး ဦးဝင်းနောင်က ပြောသည်။

“ကျောင်းတွေမှာ လူပြည့်လို့ ကျောင်းအပ်လက်မခံတော့တာ မဟုတ်ဘူး။ မိဘတွေက ပြည့်တဲ့ကျောင်းတွေမှာ လိုက်အပ်နေကြတာ” ဟု ၎င်းက ပြောဆိုသည်။

နာမည်ကြီး အမှတ် ၁ အထက်တန်းကျောင်းတွင်မူ လက်ခံနိုင်သည့် ပမာဏထက် ထက်ကျော်လွန်နေပြီး ကျောင်းသား သုံးထောင်ကျော်အထိ ရှိနေပြီဖြစ်ကြောင်း ဦးဝင်းနောင်ကဆိုသည်။

သို့သော် အမှတ် ၁ ကျောင်းနှင့် မလှမ်းမကမ်းတွင်ရှိသည့် အမှတ် ၃ အထက်တန်းကျောင်းတွင်မူ ကျောင်းသားဦးရေ နှစ်ထောင်မျှ လက်ခံနိုင်သော်လည်း အပ်နှံသူ တစ်ထောင်ကျော်သာရှိသေးကြောင်း ဦးဝင်းနောင်က ပြောဆိုသည်။

“ကျောင်းသား ပြည့်သွားလို့ လက်မခံတော့တာက နှစ်ကျောင်း၊ သုံးကျောင်းပဲရှိတယ်။ အဲဒီကျောင်းတွေတော့ လက်မခံတော့ဘူးဆိုတာ ဟုတ်တယ်။ ကျန်တဲ့ မပြည့်တဲ့ကျောင်းတွေမှာ ဆက်လက်ခံပေးနေတယ်” ဟု ၎င်းကဆိုသည်။

ကျောင်းသားမိဘများဘက်ကမူ ထားဝယ်မြို့ပေါ်တွင် နေစရာအခန်းရှာရခက်ခဲပြီး ရသည့်နေရာတွင်နေထိုင်ရသဖြင့် နီးစပ်ရာကျောင်းများကို အပ်နှံလိုနေကြသည်။

“ဆန်းချီကျောင်းမှာ အပ်မယ်ဆိုရတယ်။ ဒါပေမဲ့ နေရတာက ကြက်စားပြင်မှာ အဲဒီကနေပြီး ဆန်းချီကို နေ့တိုင်းသွားဖို့ဆိုရင် ကျောင်းကြိုပို့လုပ်ပေးဖို့ လူတစ်ယောက်က သီးသန့်လိုလာပြီလေ” ဟု လောင်းလုံးမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ကျောင်းကြိုပို့ ဝန်ဆောင်မှုရသည့် ပုဂ္ဂလိကျောင်းများပင် ယခုနှစ်တွင် ကျောင်းသားဦးရေ တိုးမြှင့်လက်ခံနေသည့်တိုင် ကျောင်းသားဦးရေမှာ ပြည့်‌နေကြပြီဖြစ်ကြောင်း ကျောင်းသားမိဘအချို့ကပြောသည်။

တိုင်းပညာရေးမှူး ဦးဝင်းနောင်ကမူ ကျောင်းလာအပ်သည့် ကျောင်းသားတိုင်း ပညာသင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျောင်းလာအပ်လို့ ကျောင်းမနေဘူးဆိုတာ မဖြစ်စေရဘူး။ တကယ်လို့ ကျောင်းတွေ အားလုံးပြည့်သွားတယ်ဆိုရင်တောင် တခြားနည်းလမ်းနဲ့ ရအောင်လုပ်ပေးဖို့ အစီအစဉ်ရှိတယ်။ အခုလောလောဆယ်တော့ အဲဒီအစီအစဉ်ကို ပြောလို့မရသေးဘူး။ ကျောင်းအပ်ရာသီပြီးတဲ့အထိ စောင့်ကြည့်ပြီးမှ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မှာ” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့ပေါ်ကျောင်းများတွင် ဝင်ဆံ့နိုင်သည့်ကျောင်းသားဦးရေထက် ပိုမိုနေသဖြင့် စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား ဦးရေ ၈၀ ခန့်အထိ ထည့်သွင်း သင်ကြားနေရသည့် ကျောင်းများလည်းရှိကြောင်း ကျောင်းသားမိဘအချို့က ပြောသည်။

အဓိကအားဖြင့် ကျောင်းသားဦးရေ များသည်မှာ မူလတန်းများဖြစ်ကြောင်းလည်း သိရသည်။