BREAKING
January 8, 2025

တောင်သုံးလုံးရွာသားများ စစ်ဘေးရှောင်နေချိန် နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံရ၊ အိမ်များလည်း မီးလောင်ပျက်စီး

May 30, 2024

ထားဝယ်-မေတ္တာ-ထီးခီးသွားလမ်းပေါ်က တောင်သုံးလုံးရွာတွင် စစ်ဘေးရှောင်များ၏ နေအိမ်အားလုံးနီးပါး ဖောက်ထွင်း ခံထားရပြီး နေအိမ် အများအပြားလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်ကစပြီး တောင်သုံးလုံးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA၊ KTLA၊ PDF တော်လှန်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။

ထိုအချိန်ကစပြီး အိမ်ခြေ ငါးရာကျော်ရှိသည့် တောင်သုံးလုံးရွာက ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး သုံးလကျော်အကြာ မေလ ၂၇ ရက်တွင် ရွာသို့ ပြန်လာကြည့်ရာ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံထားရကြောင်း ဒေသခံတို့က ဆိုသည်။

နေအိမ်များတွင် ပစ္စည်းများ၊ အဝတ်အစားများ ပြန့်ကြဲနေကာ ညစ်ပတ်ရှုပ်ပွနေသည်ကို တွေ့မြင်ရကြောင်း တောင်သုံးလုံး ရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အိမ်ထဲမှာလည်း ထမင်းတွေ တည်(ချက်)စားထားတယ်။ မီးဖိုရှိတာ မီးဖိုမှာ သေချာကျကျနန တည်စားတာမျိုးမဟုတ်ဘဲ အိမ်အတွင်းမှာကို မီးတွေဖိုလုပ်ပြီး တည်စားထားတာ။ အိုးတွေခွက်တွေဆိုလည်း ပွစာကြဲ၊ အဝတ်အစားတွေလည်း မီးပူတိုက် ပြီး သေချာသပ်သပ်ရပ်ရပ်ထားခဲ့တာ အားလုံးပွစာကြဲနေတယ်။ တချို့အိမ်တွေလည်း တံခါးပိတ်ခဲ့တော့ တံခါးတွေ ရိုက်ဖျက် ထားတယ်။ ဗီဒိုတွေလည်း ရိုက်ဖျက်ပေါ့။ သူ့အိမ်က ပစ္စည်းငါ့အိမ်ရောက်၊ ကိုယ့်အိမ်ကပစ္စည်းလည်း သူများအိမ်ရောက် အဲဒီလိုတွေ ဖြစ်နေတာ” ဟု ၎င်းက ရှင်းပြသည်။

အိမ်ရှိ ဆက်တီခုံများ၊ စက်ဘီး၊ ဆိုင်ကယ်၊ ချိန်းဆော (သစ်ဖြတ်စက်) ၊ ကလေးစီးစက်ဘီး စသဖြင့် ဖောက်ထွင်း ခိုးယူခံရကြောင်း ၎င်းက ဆိုသည်။

“ဘယ်သူယူလဲဆိုတာတော့ အတိအကျမသိဘူး။ တိုက်ပွဲဖြစ်ပြီးတည်းက ရွာထဲကို ကိုယ့်အိမ်ကိုယ်ပြန်တောင်မရဘူး။ ဖောက်ထွင်းခံထားရတယ်ဆိုတာက မတ်လလောက်ကြားနေရတာ။ ရွာထဲပြန်ဝင်သူတွေပြောပြတာ။ အခုကတော့ လမ်းဖွင့် ပေးတယ်ဆိုလို့ သွားကြည့်မှာ တစ်ရွာလုံးနီးပါးကို ဖောက်ထွင်းခံထားရတာ” ဟု တောင်သုံးလုံးရွာက အမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် တောင်သုံးလုံးရွာထဲက နေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးနေပြီးကို မျက်မြင်တွေ့ရှိခဲ့ပြီး ရွာသို့ သွားရောက်ကြည့်ရှုရာတွင် မရောက်ရှိခဲ့သည့် နေရာများလည်းရှိသေးသဖြင့် မီးလောင်ပျက်စီးသည့် နေအိမ်များ ထပ်ရှိသေးကြောင်း ဒေသခံအချိုက ဆိုသည်။ လက်နက်ကြီးကျ၍ မီးလောင်ပျက်စီးသည့် အိမ်ရှိသလို အချို့အိမ်များမှာ မီးရှို့ခံရခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံအချို့က ယူဆသည်။

တိုက်ပွဲဖြစ်ပြီးချိန်တွင် တောင်သုံးလုံးရွာထဲက နေအိမ်များနှင့်် စာသင်ကျောင်းတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်နေထိုင်မှုရှိကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါကာလတွင် လက်နက်ကိုင်အဖွဲ့တို့ ခွင့်ပြုချက်မရှိဘဲ ဝင်မိသဖြင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် လူခြောက်ဦးခန့် ရိုက်နှက်ဒဏ်ပေးခံခဲ့ရဖူးကြောင်း ဒေသခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရွာကိုပြန်ဝင်ကြည့်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်နေနေကြသည်ကိုလည်း တွေ့ခဲ့ရကြောင်း စစ်ဘေးရှောင်နေသည့် တောင်သုံးလုံးရွာသားတစ်ဦးက ပြောသည်။

တောင်သုံးလုံးရွာထဲ၌ ကရင်လက်နက်ကိုင်တပ်ဖွဲ့နှင့် PDF တပ်ဖွဲ့က ကနဦးတွင် ဝင်ရောက်နေခြင်းဖြစ်ပြီး ယင်းနောက်မှ စစ်ကောင်စီတပ်က ဝင်ရောက်နေထိုင်ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“စစ်တပ် မဝင်ခင်တုန်းက အိမ်တွေဖောက်ထားတယ်။ စစ်တပ် ဝင်ပြီးတဲ့အချိန်မှာလည်း ထပ်ပြီးဖောက်ခံထိတယ်။ အရပ်သား တွေကို မနေခိုင်းဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေပဲ ဝင်နေနေကြတဲ့အချိန်မှာ ပစ္စည်းတွေပျောက်တယ်။ ဖောက်ထွင်း ခိုးယူခံရ တယ်ဆိုတဲ့အပေါ် ဘယ်သူယူတာလဲဆိုတာ ပြောရခက်နေတာပေါ့” ဟု ဒေသခံအမျိုးသား အခြားတစ်ဦးက ပြောသည်။

တောင်သုံးလုံးကျေးရွာအပါအဝင် ကျောက်မဲတောင်၊ ရွှေချောင်း၊ ဟိန္ဒူးချောင်း၊ မေတ္တာစသည့် ကျေးရွာများက စစ်ဘေးရှောင်များ၏ နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှုရှိပြီး နေအိမ်မီးလောင်ပျက်စီးမှုလည်းရှိကြောင်း ၎င်းက ဆိုသည်။

နေအိမ်ဖောက်ထွင်းမှု၊ မီးရှို့မှုများကို တော်လှန်ရေးပူးပေါင်းတပ်တို့က မလုပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ရင်း (၁၂) ၊ KNU တပ်မဟာ (၆) KNLA တပ်ရင်း ၂၇ တွဲဖက် တပ်ရင်းမှူး ဟောမှူးဂေက ပြောသည်။

“ဒီဟာတွေက ကျွန်တော်တို့လူတွေ လုပ်တာ လုံးဝမဟုတ်ပါဘူး။ စကစတွေပဲရှိမယ်” ဟု ၎င်းက ဖြေကြားသည်။

အရှေ့တောဒေသ သင်္ကန်းတုံး၊ ဝကုန်း၊ ၂၅ မိုင်တွင် ဖေဖော်ဝါရီ ၁၇ ရက်က စစ်ကောင်စီတပ်ယာဉ်တန်းနှင့် အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့ကို KNLA၊ KTLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။‌

ဖေဖော်ဝါရီလ တတိယအပတ်ကစပြီး ယခုမေလအထိ အရှေ့တောဒေသ ထားဝယ်-မေတ္တာ-ထီးခီးလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးတင်းမာနေသည်။

နှစ်ဖက်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနှင့် နှစ်ဖက်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၁၀ခန့်က ဒေသခံ သောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

နှစ်ဖက်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် အရပ်သား ခုနစ်ဦး ထက်မနည်းသေဆုံးပြီး လူနေအိမ်များ၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။