ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးကို စစ်ကောင်စီက မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်တွင်နေထိုင်သည့် ဒေါ်နီလာစန်းနှင့် မင်းသားရွာတွင်နေထိုင်သည့် ဒေါ်ကေဂျာဦးတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ ည (ငွေကြေးထောက်ပံ့မှု) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ပုဒ်မနှစ်ခုဖြင့် တရားစွဲကာ ထားဝယ်ခရိုင်တရားရုံးက ထောင် ၁၀ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“ပုဒ်မ ၂ခု နဲ့ ထောင်ဆယ်နှစ်ချလိုက်တာ ဟုတ်ပါတယ်” ဟု ဒေါ်ကေဂျာဦး မိသားစုဝင်တစ်ဦး ပြောကြားချက် ကိုးကား၍ မိတ်ဆွေတစ်ဦးက ပြန်လည်ပြောဆိုသည်။
ဒေါ်ကေဂျာဦးသည် ဘုရားမဲရွာ အမက မူလတန်းကျောင်းအုပ် ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နီလာစန်းသည် လှည်းကုန်းရပ်ကွက် အမကမူလွန်တွင် အလယ်တန်းပြ ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။ အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်သောကြောင့် စစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းခဲ့သည်။
ဖေဖော်ဝါရီလ ၁၅ ရက်က ကံပေါက်မှ ဈေးဝယ်ပြီး မင်းသားရွာသို့ပြန်လာစဉ် ဆင်ကူးရွာတွင် ဒေါ်ကေဂျာဦး အဖမ်းခံရ ပြီးနောက် ငါးရက်အကြာတွင်ကံပေါက်ဒေသခံ CDM ဆရာမဖြစ်သည့် ဒေါ်ယဉ်ယဉ်အေး၊ ဒေါ်သက်သက်မော်၊ ဒေါ်နီလာစန်းတို့ကိုလည်း မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများက ညဘက် လာရောက်ဖမ်းဆီးခဲ့သည်။
ယင်းနောက် မတ်လတွင် ဒေါ်ကေဂျာဦးနှင့် ဒေါ်နီလာစန်းတို့ကို ထားဝယ်အကျဉ်းထောင်သို့ပို့ဆောင်ကာ ဒေါ်ယဉ်ယဉ်အေး နှင့် ဒေါ်သက်သက်မော်တို့နှစ်ဦးကို ရေဖြူရဲစခန်းအချုပ်သို့ ပို့ဆောင်ခဲ့သည်။
ဒေါ်ယဉ်ယဉ်အေးနှင့် ဒေါ်သက်သက်မော်တို့နှစ်ဦးကိုလည်း ရေဖြူမြိူ့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ က ဖြင့် တရားစွဲပြီး ထောင်လေးနှစ်စီချကာ မေလဆန်းတွင် ထားဝယ်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း မိသားစုဝင်များ ထံမှ သိရသည်။