ငွေကြေးအလွန်အမင်း ဖောင်းပွမှု
ပေါင်မုန့်တစ်လုံးရဖို့ ငွေစက္ကူ တစ်အိတ်နဲ့ သယ်သွားဝယ်ရခဲ့တာမျိုး ကမ္ဘာ့ သမိုင်းစဉ် တစ်လျှောက် ကြုံဖူး ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေအကြားမှာ ကြုံလေ့ရှိတာမျိုးပါ။ စစ်စရိတ်ထောင်းတာ၊ စစ်လျော်ကြေးပေးရတာတွေကြောင့်လည်း ပါပါတယ်။ ဂျာမနီမှာတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်ကြား အဲဒီလို ကြုံဖူးပါတယ်။
မီဒီယာစာမျက်နှာမှာ မျက်စိထဲ စွဲနေတတ်တာတစ်ခုကတော့ ၂၀၀၆ ခုနှစ်က ဇင်ဘာဘွေမှာ ဖြစ်ခဲ့တဲ့ ငွေကြေး အလွန်အမင်းဖောင်းပွမှုပါ။ စီးပွားရေးက မတည်ငြိမ်ဘူး။ အတက်အကျမြန်တယ်။ စျေးတွေက ခဏခြင်း ပြောင်းနေတယ်။
အိမ်ထောင်ဦးစီးတစ်ယောက်ဟာ မိသားစုဝင်တွေကို ကျွေးမွေးဖို့ မပြောနဲ့ ကိုယ်စားဖို့တောင် အနိုင်နိုင်ရယ်ပါ။ အစိုးရ ဒါမှမဟုတ် အုပ်စိုးသူတွေက ဘဏ္ဍာငွေကြေး အလွန်အကျွံသုံးစွဲတာ။ (ရတာထက် သုံးတာ အဆမတန် ပိုများနေတာ)၊ စစ်အသုံးစရိတ်၊ အကျင့်ပျက်ချစားမှုနဲ့ ငွေစက္ကူ အလွန်အကျွံရိုက်ထုတ်မှုတွေဟာ ငွေကြေး အလွန်အမင်း ဖောင်းပွမှုရဲ့ တရားခံတွေ ပါပဲ။
ပညာရပ်ဆိုင်ရာအရတော့ လစဉ် လစဉ် စျေးတွေ ၅၀ ရာခိုင်နှုန်းနဲ့ အထက် ဆက်တိုက် တက်နေတာမျိုးကို ငွေကြေး အလွန်အမင်းဖောင်းပွမှု အဖြစ်ယူပါတယ်။ သမိုင်းစဉ်တစ်လျှောက် ကြည့်လိုက်ရင် ဇင်ဘာဘွေတစ်နိုင်ငံတည်း ကြုံခဲ့ရတာ မဟုတ်ပါဘူး။ အချို့သော ဆိုးဝါးတဲ့ သမိုင်းတွေကို ထုတ်နုတ်ကြည့်ရအောင်ပါ။
ပြင်သစ် – ၁၇၉၅ ခုနှစ်
အဲဒီအချိန်က ပြင်သစ်တော်လှန်ရေး ကာလအတွင်း ကြုံခဲ့တာပါ။ အကြွေးဆပ်ဖို့ အစိုးရက ငွေအမြောက်အမြား ရိုက်ထုတ်ရာကနေ ငွေကြေးအလွန်အမင်း ဖောင်းပွမှု ဖြစ်ခဲ့တာပါ။
၁၇၉၃ ကနေ ၁၇၉၅ ခုနှစ်အတွင်း ငွေကြေးယူနစ်ပေါင်း ၁၉.၇ သန်း ထုတ်ဝေခဲ့ပါတယ်။ ပထမ တစ်ကြိမ် ငွေရိုက်ထုတ်လိုက်တာနဲ့ ကုန်စျေးနှုန်း နှစ်ဆတက်သွားပါတယ်။
နောက်ပြီး ဆက်တက်သွားလိုက်တာ ၁၇၉၆ ခုနှစ်ရောက်တော့ သုံးဆ အထိ တက်သွားပါတယ်။ ကုန်စျေးနှုန်း ထိန်းချုပ်ဖို့အတွက် နောက်ဆုံး ၁၇၉၅ မှာ ငွေစက္ကူထုတ်တာ ရပ်လိုက်ရပါတယ်။
ဂျာမနီ – ၁၉၂၃ ခုနှစ်
ပထမကမ္ဘာစစ်မှာ ဂျာမနီ စစ်ရှုံးရပြီးတဲ့နောက် အကျိုးဆက်အဖြစ် ဒီလို အလွန်အမင်းငွေကြေး ဖောင်းပွမှု ကြုံရတာပါ။ ပထမ ကမ္ဘာစစ်အပြီး ဗာဆိုင်းစာချုပ်ချုပ်ဆိုပြီးတဲ့နောက် စစ်ရှုံးဂျာမနီအစိုးရမှာ အကြွေးဝန်ပိသွားခဲ့ပါတယ်။
အဲဒါကို ကာမိဖို့အတွက် ငွေစက္ကူ ရိုက်ထုတ်လေလေ၊ ငွေတန်ဖိုးကျပြီး ကုန်စျေးနှုန်း တက်လေလေ ဖြစ်ခဲ့ပါတယ်။ ဥပမာ တစ်ခု ပြရရင် ၁၉၂၃ ဇန်နဝါရီမှာ ပေါင်မုန့်တစ်လုံး တစ်ဖိုး ဂျာမနီငွေ ၂၅၀ မတ် ကနေ နှစ်ကုန်မှာ ပေါင်မုန့်တစ်လုံး မတ် သန်း ၂၀၀ အထိ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံး မရတော့တဲ့ အဆုံး ပိုင်မာမတ် ငွေအစား ရင်တင်မတ်ဆိုပြီး ငွေစက္ကူ အမျိုးအစား အစားထိုး သုံးစွဲခဲ့ရပါတယ်။
ဂရိ – ၁၉၄၃ ခုနှစ်
ဂရိကို ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တွေ သိမ်းပြီးတဲ့ အချိန်မှာ ငွေဖောင်းပွမှု စဖြစ်ပါတယ်။
ဒါပေမဲ့ အကြောင်းမလှစွာဘဲ မဟာမိတ်တွေဆီက လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာမှ ငွေကြေး အလွန်အမင်းဖောင်းပွမှု ဖြစ်ပါတယ်။ ၁၉၄၄ အောက်တိုဘာမှာ အထွေထွေကုန်စျေးနှုန်း ၁၃၈ ဆ တက်သွားခဲ့ပါတယ်။
အဲဒီအချိန် စစ်ကြောင့် တိုင်းပြည်ကလည်း အကြွေးထူနေခဲ့တယ်။ ကုန်သွယ်ရေးတွေလည်း ရပ်တန့်နေခဲ့ပါတယ်။ ဗဟိုဘဏ်ပြုပြင်ပြောင်းလဲရေး လုပ်တာ၊ နိုင်ငံခြား အကူအညီယူတာ၊ ငွေစက္ကူတန်ဖိုးစစ်ဆေး ပြောင်းလဲရေးတွေ လုပ်ပြီး အဲဒီပြဿနာကို ဖြေရှင်းခဲ့ရပါတယ်။
ဟန်ဂေရီ – ၁၉၄၅ ခုနှစ်
ပထမနဲ့ ဒုတိယ ကမ္ဘာစစ်နှစ်ခုပြီတဲ့နောက် မွဲပြာကျနေတဲ့ ဟန်ဂေရီဟာ အဲဒါကို ကာမိဖို့ ငွေစက္ကူအလွန်အမင်း ထုတ်တဲ့ ရလာဒ်အဖြစ် ငွေကြေးအလွန်အမင်း ဖောင်းပွမှု ဖြစ်ခဲ့ပါတယ်။
၁၉၄၆ ဇူလိုင်မှာ အထွေထွေကုန်စျေးနှုန်းက ၁၆ နာရီတိုင်းမှာ တက်နေခဲ့ပါတယ်။ အမြင့်ဆုံးအဖြစ် ကုန်စျေးနှုန်း အဆပေါင်း သန်းရာပေါင်းများစွာ အထိတက်ခဲ့ပါတယ်။
အာဂျင်တီးနား – ၁၉၈၉ ခုနှစ်
အခြားနိုင်ငံတွေလိုပဲ အာဂျင်တီးနားမှာ ငွေကြေး အလွန်အမင်းဖောင်းပွမှု ဖြစ်တာ စစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ဖြစ်ပါတယ်။
၁၉၈၂၊ ၁၉၈၉ နှစ် ဖောက်ကလန်စစ်ပွဲမှာ ဗြိတိသျှတွေကို စစ်ရှုံးပြီးတဲ့နောက် စစ်သုံးစရိတ် အကြွေးတွေ ပိလို့ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင်လ ကိန်းဂဏန်းအရ လစဉ် ကုန်စျေးနှုန်း နှစ်ဆ နီးပါး တက်နေခဲ့ပါတယ်။ တိုင်းပြည်တွင်း မငြိမ်မသက်ဖြစ်လာပြီး လက်ရှိ သမ္မတနုတ်ထွက်ခဲ့ရပါတယ်။
ရွေးကောက်ပွဲမှာ ပူပူနွေးနွေး အနိုင်ရထားတဲ့ သမ္မတလောင်းကို အချိန် ငါးလ စောပြီး အာဏာလွှဲပေးခဲ့ရပါတယ်။ သွင်းကုန် အခွန်လျှော့ပေးတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် အာဂျင်တီးနားမှာ ငွေဖောင်းပွမှု ပြန်ကျလာခဲ့ပါတယ်။
အာမေးနီးယား – ၁၉၉၃
အာမေးနီးယားဟာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဖြစ်လာတဲ့ နိုင်ငံအသစ်ပါ။
၁၉၉၁ ခုနှစ်မှာ ခွဲထွက်ပါတယ်။ နိုင်ငံအသစ်ဖြစ်လို့ စီးပွားရေး အခက်အခဲမျိုးစုံ ရင်ဆိုင်ရတယ်။ အဲဒီမတိုင်မီ ၁၉၈၈ ခုနှစ်မှာ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ခြောက်သောင်းကျော် သေဆုံးရတယ်။ လူထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်တယ်။
ငလျင်လှုပ်ပြီးတဲ့နောက် အစိုးရက နူးကလီးယား စွမ်းအင်သုံး စက်ရုံကို ပိတ်လိုက်ရတယ်။ အကျိုးဆက်အဖြစ် ၁၉၉၀ နှစ်လယ်ပိုင်းမှာ တိုင်းပြည်တွင်း လျှပ်စစ်နဲ့ စွမ်းအင်ပြတ်တောက်မှု အကြီးအကျယ်ကြုံရပါတယ်။ အဲဒါတွေ အားလုံးစုလိုက်တော့ အထွေထွေအကြပ်အတည်းဖြစ်ပြီး အလွန်အမင်းငွေကြေး ဖောင်းပွမှု ကြုံရတော့ တာပါပဲ။
၁၉၉၃ ခုနှစ် နိုဝင်ဘာလ စာရင်းအရ လတိုင်းမှာ ကုန်စျေးနှုန်း လေးဆကျော် တက်နေတယ်။ ၁၃ ရက်တိုင်းမှာ ကုန်စျေးနှုန်းက ၂ ဆတက်နေခဲ့တယ်။
ယူဂိုစလားဗီးယား – ၁၉၉၄ ခုနှစ်
ဟန်ဂေရီနဲ့ ဇင်ဘာဘွေ ပြီးရင်တော့ သမိုင်းတစ်လျှောက် ယူဂိုစလားဗီးယားက အဆိုးဆုံးလို့ ဆိုနိုင်တယ်။ အစိုးရထဲမှာ အကျင့်ပျက်ချစားမှုတွေ၊ ကုန်စျေးနှုန်း ထိန်းချုပ်မှုတွေနဲ့ ယူဂိုဆလပ်စစ်ပွဲက အဓိက အကြောင်းရင်းခံ ဖြစ်ပါတယ်။
အဲဒီတုန်းက တိုင်းပြည်အသုံးစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အတွက်ကို အသုံးပြုခဲ့တယ်။ ၁၉၉၄ ဇန်နဝါရီမှာ အထွေထွေ ကုန်စျေးနှုန်း အမြင့်ဆုံး အချိန်ဖြစ်ခဲ့ပြီး အဆ သုံးသန်းလောက် တက်ခဲ့ပါတယ်။ နာရီ သုံးဆယ်တိုင်းမှာ စျေးနှုန်း ၂ ဆ တက်နေခဲ့တယ်။
ဇင်ဘာဘွေ – ၂၀၀၆ ခုနှစ်
အစိုးရ မူဝါဒအမှားနဲ့ ကုန်စည်ရှားပါးမှုက ဇင်ဘာဘွေမှာ ငွေကြေးအလွန်အမင်း ဖောင်းပွမှု ဖြစ်ခဲ့တဲ့ အခြေခံ အကြောင်းရင်းပါ။
နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ (IMF) ကို အကြွေးဆပ်ဖို့ ၂၀၀၆ ခုနှစ်မှာ အစိုးရက ဇင်ဘာဘွေ ဒေါ်လာ အမြောက်အမြား ရိုက်ထုတ်ခဲ့တယ်။
အဲဒီနောက် အဲဒီနှစ်မှာပဲ အစိုးရ ဝန်ထမ်းတွေ လစာပေးဖို့ ငွေမလောက်လို့ ထပ်ထုတ်ပြန်တယ်။ ဒီလိုနဲ့ ၂၀၀၈ မှာ အမြင့်ဆုံးအဖြစ် ကုန်စျေးနှုန်းမြင့်တက်မှု အဆ သန်း ၇၉၀ အထိ ရောက်ခဲ့ပါတယ်။
နောက်ပိုင်း ငွေကြေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေမဲ့ ၂၀၁၉ ခုအထိ ဇင်ဘာဘွေ မှာ ငွေကြေး ဖောင်းပွဲမှု ဆက်ရှိနေဆဲပါပဲ။ ၂၀၁၉ မှာတောင် အထွေထွေကုန်စျေးနှုန်း လေးဆလောက်အထိ တက်နေဆဲပါပဲ။
ဗင်နီဇွဲလား – ၂၀၁၃ ခုနှစ်
ဒါကတော့ နောက်ဆုံး ထင်ရှားတဲ့ ငွေကြေးအလွန်အမင်း ဖောင်းပွမှုပါ။
လိုတာထက် အလွန်အမင်း သုံးနေတဲ့ အစိုးရ နဲ့ ငွေစက္ကူ အလွန်အကျွံရုပ်နှိပ်သုံးစွဲ တာဟာ ၂၀၁၃ မှာ ဗင်နီဇွဲလား ငွေကြေး အကျပ်အတည်း စဖြစ်တဲ့ အကြောင်းရင်းပါ။ ၂၀၁၄ မှာ အစားအသောက်ကုန်စျေးနှုန်းတွေ နှစ်ဆနီးပါး တက်သွားတယ်။
နှစ်ပတ်နေတိုင်း စျေးက နှစ်ဆ တက်တက်နေတယ်။ နောက်ဆုံး မတတ်နိုင်တော့လို့ ငွေ နှစ်သိန်းတန်၊ ငါးသိန်းတန်နဲ့ တစ်သန်းတန်တွေ ထုတ်ရတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။
Stacker.com ပါ Amanda Push ၏ 10 stories of hyperinflation in history ကို အဓိက မှီငြမ်းရေးသားသည်။