ထားဝယ်မြို့ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးနှင့် နာရေးကူညီပို့ဆောင်ရေးအသင်းက မေလ ၁ ရက်မှစ၍ နိဗ္ဗာန်ယာဉ်အခမဲ့ လှူဒါန်းပေးမည်ဖြစ်ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ ထားဝယ်ထံမှသိရသည်။
ထားဝယ်မြို့ နှင့် ထားဝယ်မြို့အနီးတစ်ဝိုက်၌ ဖြစ်သည့် မည်သည့်နာရေးမျိုးမဆို လူမျိုးဘာသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ အခမဲ့ကူညီပို့ဆောင်ပေးမည် ဖြစ်ကြောင်းအထက်ပါအဖွဲတာဝန်ရှိသူက ပြောသည်။
“လောလောဆယ်တော့ ထားဝယ်မြို့နဲ့ အနီးတဝိုက်မှာဖြစ်တဲ့ မည်သည့် နာရေးမျိုးမဆို ဘာသာလူမျိုး မခြားပဲကူညီ ဆောင်ရွက် ပေးသွားပါမယ်။ ဆီဆုံ ဆရာတော် ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်းပါပဲ” ဟု ယင်းတာဝန်ရှိသူကပြောသည်။
နိဗ္ဗာန်ယာဉ်အခမဲ့ကူညီမှု ရေရှည်လည်ပတ် နိုင်ရန် နာရေးကူညီပို့ ဆောင်ရေးအတွက် ပါဝင်လှူဒါန်းမည်ဆိုပါက ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ် ကြက်သံဒိုင်း ဘုရားဝင်း နံဘေး ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးရုံးတွင်သာ လက်ခံသွားမည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ ထံမှသိရသည်။
ထိုကြောင့် ထားဝယ်မြို့နှင့် ထားဝယ်မြို့ အနီးတစ်ဝိုက်တွင် နာရေးအတွက် မိဘပြည်သူများ နှင့် ရပ်ကွက် နာရေးအဖွဲ့များ အနေဖြင့် နိဗ္ဗာန်ယာဉ် အကူအညီလိုအပ်မည်ဆိုပါက ဖုန်းနံပါတ် ၀၉၄၂၉၈၅၁၁၂၁ သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း အာယုဒါနအရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့(ထားဝယ်)ထံမှသိရသည်။
အာယုဒါနအရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ သည် ယခုလက်ရှိ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ ဆေးရုံ၊ ပုဂ္ဂလိက ဆေးရုံများနှင့် အရေးပေါ် လူနာများတွက်လည်း အောက်ဆီဂျင်ကိုအခမဲ့ လှူဒါန်းပေး နေခြင်းဖြစ်သည်။