BREAKING
April 30, 2025

မြန်မာနိုင်ငံ တောင်ပိုင်းဒေသသို့ ယခုနှစ် မုတ်သုန်အဝင်စောမည်

April 30, 2025

ဓာတ်ပုံ - Dawei Watch

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသသို့ နှစ်စဥ် ပုံမှန်မုတ်သုန်ဝင်လေ့ရှိသည့် မေလ ၁၉ ရက် ထက် အနည်းငယ်စော၍ မုတ်သုန်ဝင်နိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူများနှင့် မိုးဇလဌာနတို့က ခန့်မှန်းထားသည် ။

မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းသို့ မုတ်သုန်စတင် ဝင်ရောက်ကာ မေလ ၂၁ ရက် မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း ၊ မေလ ၂၆ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့လည်းကောင်း ၊ ဇွန်လ ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းသို့ လည်းကောင်း မုတ်သုန်ဝင်ရောက်မည်ဟု စစ်ကောင်စီ လက်အောက်ရှိ မိုးဇလဌာန၏ ၂၀၂၅ ခုနှစ် မုတ်သုန်လေ ဝင်ရောက်နိုင်မှု ခန့်မှန်းချက် တွင်ဖော်ပြထားသည် ။

အနောက်ဘက်လေစီးကြောင်းနှင့်အတူ အနောက်တောင်မုတ်သုံလေသည် မလေးရှားကျွန်းဆွယ်ကို မေလ ၁၀ ရက်ကျော်တွင် ဝင်လာနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကို ပုံမှန်မုတ်သုံဝင်နေကျရက် မေလ ၁၉ ရက်ထက် ရက်အနည်းငယ် စောပြီးဝင်ရောက်နိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင် ကလည်း ခန့်မှန်းထားသည်။

ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ မုတ်သုန်ဝင်ရက်အနည်းငယ် နောက်ကျကာ မေလ ၂၂ ရက် နဲ့ ၂၃ ရက်များတွင် ဝင်ရောက်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာန(IMD)၏ မှတ်တမ်းအရသိရသည် ။

မုတ်သုံအဝင်အထွက်စောခြင်း နောက်ကျခြင်းတို့သည် အရှေ့မှ အနောက်သို့ ပုံမှန်စီးဆင်းသည့် ကုန်သည်လေစီးကြောင်းကို သက်ရောက်မှုဖြစ်စေသော အယ်လ်နီညို/လာနီညာဖြစ်စဉ်များကြောင့် ဖြစ်ပြီး အယ်နီညို-လာနီညာမဖြစ်ဘဲ ကြားနေရာသီဥတု ဖြစ်နေချိန်တွေများတွင်မူ မုတ်သုံအဝင်အထွက်မှာ နှစ်စဉ်ပုံမှန်အချိန်အတိုင်း လည်ပတ်ကြောင်း မိုးလေဝသသုံးသပ်သူများက ဆိုသည် ။

၂၀၂၅ ခုနှစ်၏ မိုးရွာသွန်းမှု အခြေအနေမှာ ရန်ကုန်၊ပဲခူး၊ဧရာဝတီ၊မွန် နှင့် ရခိုင်ဒေသတို့တွင် ရွာသွန်းမြဲထက်ပိုမည်ဖြစ်ပြီး တနင်္သာရီ အပါအဝင် ကျန်ဒေသများတွင်မူ ရွာသွန်းမြဲခန့်ရှိနိုင်ကြောင်း စစ်ကောင်စီ မိုးဇလကခန့်မှန်းထားသည်။

မုတ်သုန်လေ မဝင်ရောက်မီ သင်္ကြန်ကာလမတိုင်မီကတည်းက တနင်္သာရီဒေသတွင် နေရာကွက်ကျား မိုးရွာသွန်းခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည် ။

မုတ်သုန်မဝင်မီ မေလဆန်းပိုင်းအထိ မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဆက်ရှိနေမည်ဟု စစ်ကောင်စီ မိုးဇလဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမခံခန့်ခွဲရေး ဝန်ကြီးဌာန ၏ မိုးလေဝသဌာနတို့က ခန့်မှန်းဖော်ပြထားကြသည် ။