BREAKING
April 30, 2025

ကော့ကရိတ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ ဒေသခံ တစ်သိန်းနီးပါး ထွက်ပြေးနေရ

April 30, 2025

ပုံစာ - မော်လမြိုင်မြို့တွင် ရောက်ရှိနေသည့် ကော့ကရိတ်၊ ကျုံဒိုးဘက်က စစ်ဘေးရှောင်များ။ ဓာတ်ပုံ - MRDC

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံ တစ်သိန်းနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံနှင့် စစ်ဘေးရှောင်များကို အကူအညီပေးနေသူများထံမှ သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စတင်တိုက်ခိုက်ခဲ့သည် ဧပြီလ ၁၄ ရက်ကစပြီး ဒေသတွင်းတိုက်ပွဲပြင်းထန်လာခဲ့မှာ ယနေ့အထိပင် ဖြစ်သည်။

ဒေသတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျုံဒိုးမြို့အနီးတဝိုက်က ကျေးရွာများကို စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“သင်္ကြန်ကနေ ဒီကနေ့အထိ လေယာဉ်နဲ့ ဗုံးကြဲတာတွေကို လုပ်နေတယ်။ နေ့တိုင်း တစ်ရွာမဟုတ် တစ်ရွာ ထိနေတယ်။ အစမှာတော့ ထိကြတယ်လေ လူတွေ သေကြတယ်။ ကမ်းနီမှာဖြစ်သွားတဲ့နေ့ဆိုရင် လူတွေ အများကြီး သေကြတယ်။ အဲဒီနောက်ပိုင်း ရွာမှာ လူတွေ မနေရဲကြတော့ဘူး။ တစ်ရွာလုံး အကုန်လုံး ထွက်ပြေးသွားကြတော့ အခုဆိုရင် ရွာမှာ လူ တစ်ယောက်စ နှစ်ယောက်စ လောက်ပဲ ရှိတော့တယ်” ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

ကျုံဒိုးမြို့အနီးတစ်ဝိုက် ကျေးရွာများတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျုံဒိုးမြို့က ဒေသခံများအပြင် အနီးနားတစ်ဝိုက်ရှိ မိဂလုံ၊ ကမ်းနီစံပြ၊ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ကိုးတိုင်၊ ရေပူ အစရှိသည့် ကျေးရွာ ၃၀ ခန့်တို့မှ ဒေသခံပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

အများစုသည် မော်လမြိုင်၊ ဘားအံ၊ ကျိုက်မရောဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် နေထိုင်နေကြသလို တောထဲ၊ တောင်ထဲ တိမ်းရှောင်နေကြသူများလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။

“ရွာမှာ ဘယ်သူမှလည်း မနေရဲတော့ဘူး။ အများစုကတော့ မော်လမြိုင်ပြီးတော့ ဘားအံဘက် ပြောင်းသွားကြတာ များတယ်။ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေဆီ ပြောင်းသွားကြတယ်။ ပြန်လာဖို့ကလည်း တိုက်ပွဲက အခုထိဖြစ်နေတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာတွေလည်း နေ့တိုင်းဖြစ်နေတော့ မပြန်ရဲကြဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေကြရသူများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများသည် ရက်ကြာလာသည်နှင့် နေထိုင်ရေး၊ စားနပ်ရိက္ခာများအပြင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲကြုံတွေ့လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ကျုံဒိုးမြို့အနီးတဝိုက် ကျေးရွာတို့တွင် စစ်ကောင်စီဘက်ကရော တော်လှန်ရေးတပ်ဖွဲ့ဘက်ကပါ နှစ်ဖက် စစ်အင်အားဖြည့်တင်းနေပြီး နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။