ပစိတ်သမုဒ္ဒရာတောင်ပိုင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် တွန်ဂါနိုင်ငံအနီးတွင် ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည်။
ယင်းငလျင်လှုပ်ခတ်မှုကြောင့် ကနဦးတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်ရုပ်သိမ်းခဲ့သည်။
အဆိုပါ ငလျင်သည် တွန်ဂါနိုင်ငံ၏ အဓိကကျွန်းမှ အရှေ့မြောက်ဘက် ၆၂ မိုင်အကွာတွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ဒေသစံတော်ချိန် တနင်္လာနေ့ နံနက်အစောပိုင်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းရှိ ပစိဖိတ်ဒေသ ဆူနာမီသတိပေးချက် ထုတ်ပြန်ရေးဌာနက ကနဦးသတိပေးချက် ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ယင်းသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
တွန်ဂါနိုင်ငံ ဒေသစံတော်ချိန် နံနက် ၁ နာရီ ၁၈ မိနစ်တွင် ဆူနာမီသတိပေးချက် ဥဩဆွဲသံများ ထွက်ပေါ်လာခဲ့ပြီး ဒေသခံများကို ကျွန်း၏ အတွင်းပိုင်းသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက တိုက်တွန်းခဲ့သည်။
ထိခိုက်ပျက်စီးမှုအခြေအနေ ကနဦးသတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
တွန်ဂါနိုင်ငံ၊ Ha’apai ကျွန်းစုက ဒေသခံများသည် ကုန်းမြင့်ပိုင်းသို့ တည်တည်ငြိမ်ငြိမ် ရွှေ့ပြောင်းနိုင်ခဲ့ကြကြောင်း သတင်းများက ဖော်ပြသည်။
ဩစတြေးလျအရှေ့မြောက်ကမ်းရိုးတန်းမှ မိုင်ပေါင်း ၂၀၀၀ ကျော်တွင် တည်ရှိသည့် တွန်ဂါနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာထဲမှ ကျွန်းပေါင်း ၁၇၁ ကျွန်းဖြင့် ဖွဲ့စည်းထားသည့် ကျွန်းစုနိုင်ငံတစ်ခု ဖြစ်သည်။
လူဦးရေ တစ်သိန်းကျော်ရှိပြီး အများစုမှာ နိုင်ငံ၏ အဓိကကျွန်းဖြစ်သည့် တွန်ဂါတာပူကျွန်းတွင် နေထိုင်လျက် ရှိသည်။