BREAKING
April 1, 2025

စစ်ကိုင်းမြို့ မြတ်ကိုယ်ပိုင်ကျောင်းတွင် ပိတ်မိသူ လေးဦးကို ကယ်ထုတ်၊ တစ်ဦးသေဆုံး

March 30, 2025

ဓာတ်ပုံ - Myanmar Fire Services Department

စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျသွားသည့် မြတ်ကိုယ်ပိုင်ကျောင်းအဆောက်အအုံတွင် ပိတ်မိနေသူများအနက် ယနေ့ မတ်လ ၃၀ ရက်တွင် လေးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ပြီး ရုပ်အလောင်းတစ်လောင်းရရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ထုတ်နေရာ ယနေ့အထိ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ ၄၁ဦးရှိလာပြီး သေဆုံးသူ ၉၄ ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ငလျင်ဗဟိုချက်ဖြစ်ခဲ့သည့် စစ်ကိုင်းမြို့တွင် ပျောက်ဆုံးနေသူများစွာရှိနေသေးပြီး ရှာဖွေကယ်ဆယ်ရေး မလုပ်နိုင်သေးသည့် နေရာများစွာရှိနေသေးကြောင်း စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မုံရွာအခြေစိုက် လူမှုကူညီရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငလျင်လှုပ်ခတ်မှု သုံးရက်မြောက်ဖြစ်လာပြီး နေအပူချိန်လည်းမြင့်သဖြင့် ရုပ်အလောင်းများမှာ အနံ့ထွက်လာပြီဖြစ်သောကြောင့် ရုပ်အလောင်းများကိုထည့်ရန် အိတ်များ အလွန်လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

ငလျင်ဒဏ်သင့်သူများအတွက် သောက်ရေသန့် အဓိက လိုအပ်နေပြီး အစားအသောက်နှင့် စောင်၊ ခြင်ထောင်များလည်း လိုအပ်နေကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်