BREAKING
April 1, 2025

အောင်ပန်းဟိုတယ်တွင် ပိတ်မိသူ ၂၀ဦးကို ကယ်ထုတ်နိုင်၊ ကိုးဦးသေဆုံး

March 30, 2025

ပုံစာ - အောင်ပန်းဟိုတယ်တွင် ပိတ်မိသူများကိုရှာဖွေနေစဉ်နှင့် သေဆုံးသူများကို ယနေ့ သင်္ဂြိုဟ်စဉ်။ ဓာတ်ပုံ - Myanmar Fire Services Department/ နာရေးကူညီမှုအသင်း အောင်ပန်း

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရှိ ငလျင်ကြောင့် ပြိုကျသွားသည့် ဟိုတယ်-အောင်ပန်းအဆောက်အအုံတွင် ပိတ်မိသူ ၂၀ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ပြီး ကိုးဦး၏ ရုပ်အလောင်းများကို ရှာဖွေ တွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

စတင်ဖြစ်ပွားချိန်မှ ယနေ့ မတ်လ ၃၀ ရက်အထိ ရှာဖွေတွေ့ရှိမှုဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ် လုပ်ဆောင်နေကြောင်း ဖော်ပြသည်။

အောင်ပန်းဟိုတယ် အဆောက်အအုံတွင် ကနဦး ရုပ်အလောင်းသုံးလောင်းတွေ့ရှိခြင်းဖြစ်ပြီး နောက်ထပ် ခြောက်ဦးမှာ ဆေးရုံတွင် သေဆုံးခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း-အောင်ပန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများတွင် အမျိုးသမီး ငါးဦး၊ အမျိုးသားနှစ်ဦး၊ အသက် ၅နှစ်နှင့် ၉နှစ်အရွယ် ကလေးငယ်နှစ်ဦး ပါဝင်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ဆေးရုံတွင် သေဆုံးသူ ခြောက်ဦးမှာ မိသားစုဝင်များ ဖြစ်ကြပြီး ရုပ်အလောင်းများကို ယနေ့တွင် သင်္ဂြိုဟ် ခဲ့ကြောင်း နာရေးကူညီမှုအသင်း-အောင်ပန်းထံမှ သိရသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၂၃၃၅) တွင် ပိတ်မိနေသူများအား ရှာဖွေရာ ယနေ့တွင် ရုပ်အလောင်း နှစ်လောင်းကို ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ပျဉ်းမနားမြို့နယ်ရှိ ခေမာသီဝံဘုန်းတော်ကြီးကျောင်းတွင် ပိတ်မိနေသူများကို ရှာဖွေရာ ယနေ့တွင် သီလရှင်တစ်ပါး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိကြောင်းလည်း ဖော်ပြသည်။