BREAKING
April 1, 2025

တကူကျေးရွာအုပ်စုတွင် တောခုတ်လုပ်သားရှားနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးနေရဟုဆို

March 30, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိရွာများတွင် တောခုတ်အလုပ်သမားရှားပါးနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးပြီး ငှားရမ်နေရကြောင်း ဒေသခံများနှင့်ဥယျာဥ်ခြံ လုပ်နေသူများထံမှသိရသည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့်နှစ်မှစကာ တောခုတ်အလုပ်သမားရှားပါနေပြီး ယခုနှစ်တွင် စရန်ငွေကြိုတင်ထုတ်ပေးပြီး ငှားရမ်းနေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။

တကူကျေးရွာအုပ်စုရှိ ဥယျာဥ်များတွင် ကွမ်းသီးပင်ကို အဓိကစိုက်ပျိုးထားပြီး ငှက်ပျောပင်နှင့် အုန်းပင် အနည်းငယ်ကိုလည်း စိုက်ပျိုးထားကြသည်။

”အရင်နှစ်တွေက အလုပ်သမားလိုရင် သူတို့နေအိမ်မှာ သွားခေါ်ရတယ်။ အခုက တောခုတ်ချိန်မတိုင်ခင် စရံငွေ ကြိုထုတ်ပေးထားရတဲ့ အခြေအနေတွေဖြစ်လာတယ်”ဟု အသက်၂၆နှစ်ဥယျာဥ်လုပ်နေသူကဆိုသည်။

ပြီးခဲ့သည့်နှစ်က မြက်ခုတ်စက်ဖြင့် တောခုတ်သူတစ်ဦးလျှင် နေ့စားခတစ်ရက် ကျပ်တစ်သောင်းခွဲရှိရာက ယခုနှစ်တွင် ကျပ်နှစ်သောင်းအထိ ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ကွမ်းပင်အရင်းတွင် ဓားဖြင့်မြက်ရှင်းသူတစ်ဦးလျှင် နေ့စားခအဖြစ် ၁၂၀၀၀ ကျပ်မှ ကျပ်၁၅၀၀၀ အထိ ဈေးပေါက်နေသည်။

ဥယျာဉ်ခြံ အကျယ်အဝန်းအပေါ်မူတည်ကာ အလုပ်သမားတစ်ဦးလျှင် ကျပ်နှစ်သိန်းအထိ ကြိုတင်ထုတ်ပေးထားရကြောင်း တောင်သူအချို့က ပြောသည်။

ယင်းကဲ့သို့ အလုပ်သမားရှားပါးလာခြင်းမှာ ရွာနှင့်ဝေးသည့် နယ်ဝေးတွင် ခဲလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခြင်း နှင့် နိုင်ငံခြား(ထိုင်း)သို့ သွားရောက်အလုပ်လုပ်သူ များလာခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ကိုယ်လူလိုရင်ဆို ကြေးပြား(ငွေ)ကြိုထုတ်ပေးထားရတယ်။ ဒါမှ အလုပ်လုပ်ချိန်ဆို ခေါ်လို့ရတယ်။ မထုတ်ထားပေးဘူးဆို (ငွေ)ထုတ်ပေးထားသူနောက် လိုက်သွားကြတယ်” ဟု အသက်၅၇နှစ် ဥယျာဥ်ခြံ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

တကူကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ဥယျာဥ်လုပ်ကိုင်သူများပြီး ကွမ်းပင်စိုက်ဧက တစ်သောင်းကျော်ရှိသည်။

ဇဝဲရွာမှ မြိတ်မြို့သွားသည့် လမ်းပိုင်းကို စစ်ကောင်စီတပ်သားများက မြေတူးစက်များဖြင့် ဖျက်ဆီးကာ ဖြတ်တောက်ထားသည့်အတွက် ရာသီပေါ်သီးနှံများ တင်ပို့ခွင့်မရဘဲ ရသည့်ဈေးဖြင့်ရောင်းချခဲ့ရသည်။