ငလျင်ဒဏ်ခံရသော မြန်မာနိုင်ငံသားများကို ကူညီပေးလိုသောအားဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။
မတ်လ ၂၉၊ ၃၀၊ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်းရှိ အော်ပရေတာတိုင်း အခမဲ့ ဖုန်းခေါ်ဆိုနိုင်ကြောင်း ထိုင်းနိုင်ငံပိုင် တယ်လီကွန်း ကုမ္ပဏီ (NTPLC) က ထုတ်ပြန်ထားသည်။
001800001 ကို ဖုန်းခေါ်ဆိုပြီးနောက် ထိုင်းဘာသာစကားဖြင့် အလိုအလျောက်ဖြေကြားသံကြားပါက 009959… နောက်က ဖုန်းဆက်ခေါ်ဆိုလိုသော ဖုန်းနံပါတ်ကို အမြန်နှိပ်ပြီး ခေါ်ဆိုရမည်ဖြစ်သည်။
ဥပမာ 09422211333 ကို ဖုန်းဆက်လိုပါက 001800001 ကို အရင်ခေါ် ပြီးနောက် 009959422211333 ကို အမြန်နှိပ်ပြီး ဖုန်းခေါ်ဆိုရမည်ဖြစ်သည်။
“001 800 001 နံပါတ်ကိုနှိပ်လို့ “ခေါ်ထို့ခ” (sorry) ကြားရင် ပြန်ချ။ ထပ်ခေါ်ပြီး ၀၀၉ ကိုနှိပ်ပါလို့ အသံကြားပြီဆို ၀၀၉၉၅၉ (ဆက်ချင်တဲ့ဖုန်းနံပါတ်)ကို အမြန်နှိပ်ရတယ်။ ဝင်သွားရင် ဆက်ပြောလို့ရပြီ။ မဝင်ဘူးဆိုရင် တီတီတီ နဲ့ ကျသွားလိမ့်မယ်” ဟု ဖုန်းခေါ်၍ ရသော မြန်မာနိုင်ငံသားက ဆိုသည်။
သို့သော်လည်း ခေါ်ဆိုသူများပြားနေသည့်အတွက် လိုင်းကျပ်မှု၊ လိုင်းပြတ်တောက်မှုများ ဆက်တိုက်ဖြစ်နေကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် မြန်မာပြည်သို့ ဖုန်းဆက်ခေါ်လိုပါက ထပ်ခါ ထပ်ခါ မရမချင်း ကြိုးစားခေါ်ဆိုရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာပြည်သူများအပေါ် အခမဲဖုန်းခေါ်ဆိုခွင့်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်အောက်တွင် မြန်မာနိုင်ငံသားများက မှတ်ချက်ပေးထားကြသည်။