BREAKING
April 1, 2025

စစ်ကိုင်းမြို့ ဘာဖြစ်နေလဲ

March 30, 2025

ပုံစာ - စစ်ကိုင်းမြို့အတွင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ - မုံရွာအရန်မီးသတ်

ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီး၏ ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းမြို့အတွင်း ထိခိုက်မှုများ အား ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် မုံရွာအခြေစိုက် လူမှုကယ်ဆယ်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးကို Dawei Watch မှ ဆက်သွယ်၍ ငလျင်နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးအခြေအနေနှင့် အကူအညီ လိုအပ်မှုအခြေအနေများကို မေးမြန်းဖော်ပြလိုက်ပါသည်။

DW ။ စစ်ကိုင်းမြို့ထဲက အခြေအနေဘယ်လိုလဲရှိလဲ။ ဘာတွေလိုအပ်နေလဲ။

ဖြေ ။ ရေသန့်လိုတယ်။ သောက်ရေသန့်လိုတယ်။ အိပ်ဖို့ ခေါင်းအုံးတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ခြင်ဆေးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရေက အဓိကအလိုအပ်ဆုံးပါ။

DW ။ စားနပ်ရိက္ခာ တွေရော အဆင်ပြေရဲ့လား။ လာလှူသူတွေရှိလား။

ဖြေ ။ သင့်တင်လျောက်ပတ်စွာတော့ရှိပါတယ်။ မားမား၊ ခေါက်ဆွဲခြောက်၊ ကိတ်တွေ အဲဒီလို အဆာပြေစားလို့ ရမယ့်ဟာတွေပဲရှိသေးတယ်။ ပုံမှန်စားလို့ရမယ့်ဟာတွေ မလုံလောက်သေးဘူး။ အဲဒီအတွက်ရော အတော်လိုအပ်နေပါတယ်။

DW ။ အခြားရော ဘာတွေလိုအပ်နေသေးလဲ။

ဖြေ ။ ကယ်ဆယ်ရေးလုပ်နေသူအတွက်လည်း စနိုးတာဝါတို့ လက်အိတ်တို့ Deadbody (ရုပ်အလောင်း)ထည့်တဲ့အိတ်တို့ လိုအပ်နေပါတယ်။ Deadbody အိတ်က အရမ်းလိုနေပါတယ်။ ဘာလို့လဲဆိုတော့ အလောင်းတွေက နှစ်ရက်ကျော်ကျော်ကြာပိတ်မိနေတာရယ်။ နေအပူရှိန်ရယ်ကြောင့် အနံ့တွေထွက်နေတာ။ အလောင်းတွေကို Deadbody အိတ်နဲ့ ချမှပဲ အဆင်ပြေတော့တယ်။ အိတ်ဝယ်လို့လည်းမရဘူး။ မုံရွာမှာတော့ အိတ်ဝယ်မရဘူးတော့ဘူး။ အခုတော့ နောက်ဆုံးဝယ်ထားတာအိတ် တစ်ရာလောက်ရထားတယ်။

DW ။ အခု ရှာဖွေကယ်ဆယ်ရေး လုပ်နေဆဲအခြေအနေလေးပြောပြပေးပါ။ အလောင်းအရေအတွက် ဘယ်လောက်ရပြီလဲ။

ဖြေ ။ အလောင်းတွေက ထုတ်နေဆဲပါ။ မုံရွာအုပ်စု(လူမှုကယ်ဆယ်ရေးအဖွဲ့)က မနေ့ည(မတ် ၂၉) ရောက်ရောက်ချင်း ရှာတာ အလောင်း ၆ လောင်း ရတယ်။ အခုညနေအထိ ၂၁ လောင်းထပ်ရတယ်။ စုစုပေါင်း ၂၇ လောင်း ပြန်ရှာတွေ့ထားတယ်။ ဒါက မုံရွာက ငါးဖွဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ထားတဲ့ အရေအတွက်ပါ။ အခြားအဖွဲ့တွေလည်း ထပ်ရှာနေကြသေးတယ်။ ပိတ်မိနေတဲ့အလောင်းတွေရှိသေးတယ်။ အရေအတွက်က အများကြီးပဲ ပြောလို့မရသေးဘူး။

DW ။ ရှာဖွေကယ်ဆယ်ရေးတွေ လာတဲ့ပမာဏက မြို့ရဲ့ ပျက်စီးထားတဲ့ အခြေအနေနဲ့ လုံလောက်ရဲ့လား။

ဖြေ ။ အဲဒီလိုအတိအကျပြောလို့မရသေးဘူး။ ရှာဖွေကယ်ဆယ်ရေးက မရောက်သေးတဲ့နေရာတွေလည်းအများကြီး ကျန်နေသေးတယ်။

DW ။ စစ်ကိုင်းတံတားကြီးက ထိခိုက်မှု ရှိတယ်ဆိုပြီးသိရတယ်။ ဖြတ်သန်းလို့ရရဲ့လား။

ဖြေ ။ စစ်ကိုင်း တံတားကြီး အိမ်စီးကားလေးတွေကို ငါးစီးတစ်တွဲ ပေးဖြတ်နေတယ်။ ငါးစီးတစ်ခါ ကားငယ်လေးတွေနဲ့ လူတိုင်းဖြတ်လို့ရနေပါတယ်။

DW ။ စစ်ကိုင်းမြို့မှာ ကယ်ဆယ်ရေးစခန်းတွေရောလုပ်ထားပြီးပြီလား။

ဖြေ ။ စာသင်ကျောင်းတွေမှာတော့ ကယ်ဆယ်ရေးစခန်းဖွင့်ထားပြီးပြီလို့ သိရပါတယ်။ ရောက်နေတဲ့သူတွေလည်း ရောက်နေကြပြီ။

DW ။ နောက်ထပ် ငလျင်ဒဏ်သင့်သူတွေအတွက် ဘာများထပ် လိုအပ်တာရှိသေးလဲ။

ဖြေ ။ လတ်တလောက အရှေ့မှာပြောခဲ့သလို အစားအသောက်နဲ့ သောက်ရေ၊ ခြင်ထောင်တွေပေါ့။ နောက်ထပ်လိုအပ်တာက လျှပ်စစ်အခက်အခဲ အရေးပေါ်ဖြေရှင်းလို့ရမယ့် ပါဝါစတေရှင် လိုမျိုး အရေးပေါ်သုံးလို့ရမယ့် လျှပ်စစ်ပစ္စည်းတွေ လိုအပ်နေပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။