BREAKING
April 1, 2025

မြန်မာပြည်ငလျင်က အဏုမြူဗုံး အလုံး ၃၀၀ ကျော် ပေါက်ကွဲအားထက် ပိုပြင်းထန်ဟု အမေရိကန်ပညာရှင်ဆို

March 30, 2025

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက် (သောကြာနေ့) က လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်သည် အဏုမြူဗုံးအလုံးပေါင်း ၃၀၀ ကျော်၏ ပေါက်ကွဲအားထက် ပိုပြင်းထန်ကြောင်း အမေရိကန်ထိပ်တန်း ဘူမိဗေဒပညာရှင်တစ်ဦးက ပြောဆိုလိုက်သည်။

“ဒီလိုငလျင်မျိုးက ထုတ်လွှတ်လိုက်တဲ့ အားက အဏုမြူဗုံးအလုံးပေါင်း ၃၃၄ လုံးစာလောက် ရှိတယ်” ဟု အမေရိကန်ထိပ်တန်းဘူမိဗေဒပညာရှင် Jess Phoenix က CNN သတင်းဌာနကို ပြောကြားခဲ့သည်။

ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူဦးရေ ၁၆၀၀ ထက် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲငလျင်များ လပေါင်းများစွာ ဆက်လက်ပေါ်ပေါက်နေနိုင်သည့် အန္တရာယ်ကိုလည်း သူ(မ)ကသတိပေးခဲ့သည်။

ယင်းမှာ မြန်မာပြည်မြေမျက်နှာပြင်အောက်က အိန္ဒိယကမ္ဘာ့အပေါ်ယံလွှာ (Indian tectonic plate)နှင့် ယူရေးရှကမ္ဘာ့အပေါ်ယံလွှာ(Eurasian tectonic plate) ဆက်လက်ပွတ်တိုက်နေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကမှတ်ချက်ပေးသည်။

မြန်မာပြည်ငလျင်၏ သေကြေထိခိုက်ပျက်စီးမှု ပမာဏကို ပြင်ပကမ္ဘာကြီးမှ နားလည်နိုင်ရန် ခက်ခဲသည်ဟုလည်း အဆိုပါဘူမိဗေဒပညာရှင်က ထည့်သွင်းပြောကြားခဲ့သည်။

“ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပြီး လက်ရှိပြည်တွင်းစစ်လည်း ဖြစ်နေတာကြောင့် မြန်မာပြည်မှာ ဒီငလျင်ရဲ့ အမှန်တကယ် သေကြေထိခိုက်ပျက်စီးစေမှုပမာဏကိုပြင်ပကမ္ဘာကြီးအနေနဲ့ နားလည်နိုင်ဖို့ ခက်ခဲပါတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ အနီးတွင် မြေငလျင်တစ်ခု ယနေ့ (မတ် ၃၀) မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၂၃ မိနစ်အချိန်ခန့်တွင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM – NUG)က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းငလျင်သည် မန္တလေးမြို့၏ အနောက်မြောက်ဘက် ၂၈ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်နှင့် အတော်အသင့် အင်အားရှိကြောင်းသိရသည်။

မတ်လ ၂၈ ရက် နေ့လယ်ပိုင်း က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးပြီးနောက် နောက်ဆက်တွဲ အဖြစ် လှုပ်ခတ်နေသည့် ငလျင်အကြိမ်ရေ ၂၈ ကြိမ် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ ယနေ့နေ့လယ်ပိုင်း ဖော်ပြချက်အရ သိရသည်။

Source: The Times of India