ငလျင်လှုပ်ခတ်နေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ် TNLA က မတ်လ ၂၉ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ်လ ၂၈ ရက် မွန်းလွဲ ၁၂နာရီ ၅၁မိနစ်တွင် ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။
ငလျင်လှုပ်ခတ်နေချိန် မတ်လ ၂၈ရက် မွန်းလွဲ ၁နာရီ ၅မိနစ်တွင် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း နှစ်ကျောင်းနှင့် နေအိမ်သုံးလုံး ထိခိုက်ပျက်စီးကြောင်း ဖော်ပြသည်။
မတ်လ ၂၆ ရက်က အုမ္မခါး၊ သုံးဆယ်နှင့် ရွှေညောင်ပင်ကျေးရွာတို့လည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ဒေသခံ လေးဦးသေဆုံးကာ လေးဦး ဒဏ်ရာရသလို နေအိမ်အများအပြားလည်း ပျက်စီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။