BREAKING
April 1, 2025

ငလျင်ဒဏ်သင့်ပြည်သူများကို တော်လှန်ရေးတပ်များ ကယ်ဆယ်ရေးလုပ်ဆောင်

March 30, 2025

ဓာတ်ပုံ - MOHADM

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်နယ်မြေများအတွင်းရှိ ငလျင်ဒဏ်သင့်ဒေသခံများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာထံမှ သိရသည်။

မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

မန္တလေးဒေသ တော်လှန်ရေး ထိန်းချုပ်နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ရွှေအင်းလုပ်ကွက်အချို့ ပြိုကျခဲ့ပြီး လုပ်သားအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

အင်းလုပ်ကွက် ပြိုကျရာတွင် အသက်ရှင်လျှက် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး ကျန်ရစ်သည့်မိသားဝင်များကိုလည်း ကူညီထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့် ကျေးရွာများက ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ မိသားစုထံ သွားရောက်ပြီး ကူညီထောက်ပံ့‌ပေးခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပဲခူးတိုင်းတွင်လည်း ငလျင်ဒဏ်သင့် ပြည်သူများနေထိုင်ရာကျေးရွာတွင် NUG ၏ ပြည်သူလူထု လုံခြုံရေးဌာန ရဲဘော်များနှင့် စစ်တောင်းစစ်ကြောင်း ရဲဘော်များက နေအိမ်များ နေရာရွှေ့ပြောင်းခြင်း၊ ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများလုပ်ဆောင်ခြင်းတို့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ငလျင်‌ဘေးဒဏ်သင့်‌သည့် ဒေသများအား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထိုးစစ်နှစ်ပတ်ကြာ ရပ်နားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ငလျင်ဘေးသင့်ဒေသများတွင် မိမိကိုယ်ကိုယ်ခုခံကာကွယ်စစ်မှလွဲပြီး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်မှ စတင်ပြီး နှစ်ပတ်ကြာ ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် လုံခြုံရေးအာမခံချက်ရှိပါက စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ကြီးများတွင် NUG နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ‌သည့် CDM ကျွမ်းကျင်ဝန်ထမ်းများကို နိုင်ငံတကာကူညီကယ်‌ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ငလျင်ဘေးသင့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟုလည်း ကမ်းလှမ်းထားသည်။

တစ်နိုင်ငံလုံးရှိ ငလျင်ဘေးသင့်ဒေသများအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့်သူများအတွက် ရန်ပုံငွေအဖြစ် ဒေါ်လာတစ်သန်း လျာထားသုံးစွဲမည်ဟုလည်း ထုတ်ပြန်ထားသည်။