BREAKING
April 1, 2025

စစ်ကိုင်းမြို့တွင် ပိတ်မိနေသူ ၃၀ကျော်ကို အသက်ရှင်လျက်ကယ်ထုတ်

March 30, 2025

ပုံစာ - စစ်ကိုင်းမြို့ရှိ အဆောက်အအုံများတွင် ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်။ Photos - Myanmar Fire Services Department

စစ်ကိုင်းမြို့တွင် ငလျင်ကြောင့်ပြိုကျသွားသည့် အဆောက်အအုံများတွင် ပိတ်မိနေသူ ၃၆ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ငလျပ်လှုတ်ခတ်ပြီးနောက် ယနေ့ မတ်လ ၃၀ ရက်အထိ ရှာဖွေကယ်ထုတ်ထားသည့် စာရင်းဖြစ်ပြီး သေဆုံးသူ ၈၈ ဦးတို့၏ ရုပ်အလောင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြာင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ အ.ထ.က (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်များတွင် ပိတ်မိနေသူများကို ရှာဖွေနေကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံးတို့တွင်လည်း ရှာဖွေနေကြောင်း ဆိုသည်။

ယင်းအပြင် ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေးရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက်နှင့် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့လည်း ရှာဖွေနေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆွမ်းဦးပုညရှင်တွင် အဆောက်အအုံ ပြိုကျပျက်စီးပြီး ပိတ်မိနေသူများအားကို ရှာဖွေရာ ယနေ့ မတ်လ ၃၀ ရက်တွင် ရုပ်အလောင်းနှစ်လောင်းတွေ့ရှိကြောင်း နောက်ဆက်တွဲ ထုတ်ပြန်ထားသည်။

သကျမိတာသီလရှင်စာသင်တိုက်တွင်လည်း ယနေ့တွင် သီလရှင်တစ်ဦး အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီး သီလရှင်သုံးပါး၏ ရုပ်အလောင်းများကို ရရှိကြောင်းလည်း နောက်ဆက်တွဲ သတင်းထုတ်ပြန်ထားသည်။