BREAKING
April 1, 2025

မန္တလေးတွင် ငလျင်ထပ်လှုပ်

March 30, 2025

မန္တလေးမြို့ အနီးတွင် မြေငလျင်တစ်ခု ယနေ့ (မတ် ၃၀) မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၂၃ မိနစ်အချိန်ခန့်တွင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM – NUG)က သတင်းထုတ်ပြန်သည်။

ယင်းငလျင်သည် မန္တလေးမြို့၏ အနောက်မြောက်ဘက် ၂၈ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်နှင့် အတော်အသင့် အင်အားရှိကြောင်းသိရသည်။

မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်မြို့ခံတစ်ဦးထံ Dawei Watch ကဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း ယနေ့နေ့လယ်တွင် ငလျင်ထပ်လှုပ်သွားသည်ကို ကြုံရကြောင်းပြောဆိုသည် ။

မန္တလေးမြို့တွင်း ကူညီကယ်ဆယ်ရေးလုပ်နေသည့် ကယ်ဆယ်ရေးအဖွဲ့များလည်း ယနေ့နေ့လယ်ပိုင်းတွင် ငလျင်အချက်ပေး အသံများ မြည်လာ၍ ရှာဖွေကယ်ဆယ်ရေး ခေတ္တရပ်နားလိုက်ရကြောင်း မန္တလေးတွင် ကယ်ဆယ်ရေး လုပ်နေသူများနှင့် သတင်းအချို့တွင် ဖော်ပြထားချက်များအရ သိရသည်။

စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေး ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန်လည်း MOHADM – NUG က သတိပေးထားသည် ။

မတ်လ ၂၈ ရက် နေ့လယ်ပိုင်း က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးပြီးနောက် နောက်ဆက်တွဲ အဖြစ် လှုပ်ခတ်နေသည့် ငလျင်အကြိမ်ရေ ၂၈ ကြိမ် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ ယနေ့နေ့လယ်ပိုင်း ဖော်ပြချက်အရ သိရသည်။