BREAKING
April 1, 2025

မြေငလျင်ကြောင့် မြန်မာနိုင်ငံရှိ ဗလီ အလုံးခြောက်ဆယ်ခန့် ပြိုကျ

March 30, 2025

ပုံစာ - ငလျင်ကြောင့်ပြိုကျသွားသည့် မန္တလေးမြို့ရှိ သက်တမ်းရာကျော် အနောက်အပ်ချုပ်ဗလီ။ ဓာတ်ပုံ - Zaw lin nyi nyi.

စစ်ကိုင်းမြို့အနီး ဗဟိုပြု၍ မတ်လ ၂၈ ရက် နေ့လယ်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အစ္စလာမ်ဘာသာရေး အဆောက်အအုံ ဗလီ အလုံး ခြောက်ဆယ်ခန့် ပြိုကျပျက်စီးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးထံ မှသိရသည် ။

မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း နှင့် ရှမ်းပြည်နယ်ရှိ ဗလီအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည် ။

” အင်တာနက် လူမှုကွန်ရက်က ရတဲ့ စာရင်းအရ ပျက်စီးသွားတာ ၅၉ လုံး ရှိပါပြီ ။ အခုလောလောဆယ် အဖွဲ့က မြေပြင်ကွင်းဆင်းသွားနေပါတယ်။ အဲဒီအဖွဲ့ကပြန်လာရင် ပျက်စီးသွားတဲ့ အရေအတွက် အတိအကျသိရမယ် “ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ တာဝန်ရှိသူတစ်ဦးကပြောသည် ။

မြေငလျင်လှုပ်ခတ်သည့်အချိန်သည် သောကြာနေ့ ဝတ်ပြုချိန် နေ့လယ် ၁၂ နာရီမှ ၁ နာရီခွဲအကြားတွင်ဖြစ်သဖြင့် ဝတ်ပြုနေစဥ် မြေငလျင်ကြောင့် ပြိုကျပျက်စီးပြီး သေဆုံးသူ ရာချီရှိကြောင်း နှင့် ပြိုကျနေသည့် အဆောက်အအုံများ ရှင်းလင်းနေဆဲ ဖြစ်သဖြင့် အရေအတွက်အတည်မပြုရသေးကြောင်း ၎င်းကပြောဆိုသည် ။

ပြိုကျပျက်စီးသွားသည့် ဗလီအများစုသည် သက်တမ်း နှစ် ၈၀ မှ ၁၀၀ ဝန်းကျင် အကြား ဗလီများဖြစ်ကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးထံမှသိရသည်။

” ဗလီအများစုက ရှေးဟောင်းဗလီတွေပါ ။ မြန်မာ့မင်းတွေလက်ထက်ကတည်းက ဗလီတွေအထိပါ ပါတယ် ။ ပြင်ဆင်တဲ့အချိန်မှာ မူလပုံစံမပျက်ပြင်ဆင်ရမယ်ဆိုတဲ့ မူဝါဒကြောင့် ခေတ်နဲ့ ၊ လူဦးရေ နဲ့ အညီ ပြင်ဆင်ခွင့်မရခဲ့လို့ အခုငလျင်မှာ အပျက်အစီးအထိခိုက်ပိုများရတယ်” ဟု ယင်းအဖွဲ့ တာဝန်ရှိသူက သုံးသပ်ပြသည်။

မြေငလျင်ကြောင့် ပျက်စီးသွားသည့် ဗလီများပြန်လည်ထူထောင်ရေးအပြင် ငလျင်ဒဏ်သင့် ပြည်သူများအားလုံးအတွက် ကယ်ဆယ်ရေး ၊ ပြန်လည်ထူထောင်ရေး၊ ဆေးဝါး ၊ စားနပ်ရိက္ခာနှင့် အသုံးဆောင်ထောက်ပံ့ရေးများအတွက် ပြင်ဆင်မှုများပြလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက မတ်လ ၂၉ ရက်ကတည်းက ကြေညာထားသည်။