နေရာအနှံ့တိုက်ပွဲပြင်းထန်နေပြီး စီးပွားရေး လူမှုရေး ခက်ခဲကျပ်တည်းနေချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် စစ်ကောင်စီက တောက်လျှောက်ပြင်ဆင်နေသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ နားလည်မှုစာချွန်လွှာ (MoU)ချုပ်ဆိုထားပြီးဖြစ်သလို ကြိုတင်ပြင်ဆင်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိသော်လည်း စီမံကိန်းအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ ဆိပ်ကမ်း တည်ဆောက်ရေးများပါဝင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည်ကို မကြိုက်သောသူသည် ထားဝယ်သားမဟုတ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုကလည်းပြောဆိုထားသည်။
သို့သော် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်ခဲ့သည့် ၂၀၀၈ ခုနှစ်ကတည်း ယခုအချိန်အထိ ဒေသခံများ အကျိုးစီးပွားထက် အဓမ္မမြေသိမ်း၊ယာသိမ်းမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ ဒေသခံများ ကြုံတွေ့ခံစားခဲ့ရသည်။
ယခုလည်း ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်အကောင်အထည်ဖော်ရန် ပြင်ဆင်လာချိန်တွင် စစ်ကောင်စီတပ်က စီးပွားရေးဇုန်ဧရိယာအတွင်း စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်လာသည့်အတွက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။
ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေကြရပြန်သည်။ နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်ထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြရသည်။
ထိုကြောင့်လည်း အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့်အပေါ် ဒေသခံများအကြား စိုးရိမ်မှု မြင့်တက်နေကြသည်။
ယင်းသို့ပင် တနင်္သာရီတိုင်းအခြေစိုက် အရပ်ဖက်နှင့် နိုင်ငံရေးအဖွဲ့အစည်း စုစုပေါင်း ၁၁ ဖွဲ့က စစ်ကောင်စီနှင့် ရုရုားနိုင်ငံတို့ ပူးပေါင်း လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်က ပူးပေါင်းထုတ်ပြန်ထားသည်။
ယခင်ကပင် မြေသိမ်း၊ယာသိမ်းမှုများ၊ လူ့အခွင်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ယင်းစီမံကိန်းမှာ ယခုလိုတရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေတွင် ဒေသခံများအတွက် ကောင်းကျိုးထက်ဆိုးကျိုးသာ ပိုများနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြကြသည်။
ထားဝယ်သားတို့အတွက် ဒုက္ခအိုးစီမံကိန်းဟု ခေါ်ဆိုထိုက်သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်ရန် ခြေလှမ်းစလာသည့်အပေါ် ဒေသခံများ၏ စိတ်ပူပန်မှု ၊ စိုးရိမ်ချက်များကို သိရှိနိုင်ရန် တနင်္သာရီအပတ်စဉ်ပုံရိပ် အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။
“စီမံကိန်းဖြစ်လာပြီဆိုရင်တော့ ဒီနယ်မြေတွေက ရှင်းလင်းခံရတော့မှာ…… ဒေသခံတွေကတော့ အရင်လိုဆက်နေလို့ရတော့မယ့် အနေအထားမရှိတော့ဘူး”
ထားဝယ်အထူးစီးပွားရေးဧရိယာအနီးရှိ ရလိုင်ကျေးရွာဒေသခံတစ်ဦး
DW ။ ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ လက်မှတ်ထိုးလိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ အဓိကတော့ နယ်မြေရောင်းစားလိုက်သလိုဖြစ်နေတယ်။ ရုရှားကလာလုပ်တာသည် သူတို့အနေနဲ့ စီးပွားရေးတစ်ခုတည်းကို ဦးတည်တာမျိုးဖြစ်ချင်မှဖြစ်မယ်။ စစ်လက်နက်ပစ္စည်းတွေနဲ့ အလဲအလှယ်လုပ်မယ်။ နောက်တစ်ခုက သူတို့လာဆောက်မယ့် ရေနံချက်စက်ရုံတို့၊ ကျောက်မီးသွေးစက်ရုံတွေဆိုတာ သူတို့(ရုရှား)နိုင်ငံမှာ အသုံးမလိုတော့တဲ့သုံးပြီးသားစက်တွေ ဒီကိုပို့ပြီး လာလုပ်မယ့်အနေအထားရှိတယ်။ ခေတ်မီတဲ့ အသစ်စက်စက် စက်ရုံတွေတော့ ဒီမှာလာလုပ်မှာမဟုတ်ဘူးလို့ထင်တယ်။
DW ။ ရုရှားနိုင်ငံအနေနဲ့ ထားဝယ်ဒေသမှာ တကယ်ပဲလာပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာမယ်လို့ယူဆပါသလား။ တစ်ချို့တွေက မဖြစ်နိုင်ဘူးဆိုတာမျိုး သုံးသပ်နေကြတာတွေလည်းရှိတော့လေ။
ဖြေ ။ ဒီမှာလာပြီးလုပ်ဖို့က အခက်အခဲတွေတော့အများကြီးရှိပါတယ်။ အလုပ်သမားတွေပေါ့။ ဒီစီမံကိန်းကိုလုပ်မယ့် သူတွေ ဒီမှာလာပြီးနေကြမလားပေါ့။ ဒီမှာက ငြိမ်းချမ်းမှုမရှိဘူးလေ။ အန္တရာယ်ကြားထဲမှာ လာလုပ်နိုင်ပါ့မလား ဆိုတာတော့ ထည့်စဉ်းစားရမယ်။ ရုရှားအစိုးရကိုယ်တိုင်လာပြီး အကောင်ထည်ဖော်ချင်မှဖော်မယ်။ သူတို့ရဲ့ လက်အောက်ခံကုမ္ပဏီတွေ လာလုပ်ချင်လာလုပ်နိုင်တယ်လို့တော့မြင်တယ်။
DW ။ တကယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန်ကိုသာ အကောင်အထည်ဖော်မယ်ဆိုရင် အဲဒီဒေသမှာ စစ်ရေးအခြေအနေတွေ ဘယ်လိုဖြစ်လာနိုင်မလဲ။ စစ်ကောင်စီတပ်က နယ်မြေရှင်းတာတွေဖြစ်လာမလားပေါ့။
ဖြေ ။ သူတို့သာ ဒီစီမံကိန်းကို လာလုပ်မယ်ဆိုရင်တော့ ဒီဒေသက ဒေသခံတွေကတော့ နယ်မြေရှင်းလင်းခံရမှာပဲ။ ပြီးတော့ ဒီဒေသတွေမှာ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေလည်းရှိတဲ့အခါကျတော့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ များလာလိမ့်မယ်။ အခုလက်ရှိအခြေအနေကတော့ စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာရင်ပြေး။ စစ်ကြောင်းပြန်ထွက်ရင် ကိုယ့်အိမ်ကိုယ်ပြန်လာ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နေလို့ရနေသေးတယ်။ စီမံကိန်းဖြစ်လာပြီဆိုရင်တော့ ဒီနယ်မြေတွေက ရှင်းလင်းခံရတော့မှာ။ ပြီးရင်ဒီဧရိယာပတ်ပတ်လည်မှာရှိတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်က လုံခြုံရေးဆိုပြီးလာချထားနိုင်တယ်။ အဲလိုဖြစ်လာရင်တော့ ဒေသခံတွေကတော့ အရင်လိုဆက်နေလို့ရတော့မယ့် အနေအထားမရှိတော့ဘူး။ ပြီးတော့ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေ ဥယျာဉ်ခြံတွေ၊ အိမ်တွေ၊ ယာတွေ ဟာ ဒေသခံတွေပိုင်တယ်ဆိုတဲ့ အာမခံချက်မရှိတော့ဘူး။ အကုန်လုံးထားပစ်ပြီးပြေးကြရတော့မှာ။ ဒီကောင်တွေက သူတို့လိုချင်တဲ့ မြေပဲဖြစ်ဖြစ် လိုချင်လာပြီဆိုရင် လက်နက်နဲ့ခြိမ်းခြောက်ပြီး သိမ်းယူမယ်။ သူတို့ပေးတဲ့လျော်ကြေးဆိုတာ ရချင်မှလည်းရပါလိမ့်မယ်။ လျော်ကြေးမရလို့ဆိုပြီး အရင်တုန်းကလို ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုပိုင်ခွင့်လည်း ရှိမှာမဟုတ်ဘူး။
DW ။ ထားဝယ်အထူးစီးပွားရေးဇုန်ကို အကြောင်းပြပြီး ရုရှားနိုင်ငံက ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရော ဒီဒေသကို ရောက်လာနိုင်မလား။ ဘယ်လိုမြင်လဲ။
ဖြေ ။ အဲဒီတစ်ခုကတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကတော့ ရောက်လာချင်မှရောက်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုရုားအနေနဲ့ ယူကရိန်းစစ်ပွဲကို အနိုင်ရသွားပြီဆိုရင်တော့တစ်မျိုးပေါ့။ အခုလက်ရှိအခြေအနေမှာတော့ ယူကရိန်းစစ်ပွဲကိုတိုက်ဖို့အတွက်တောင်မှ တပ်သားအင်အားမလုံလောက်လို့ မြောက်ကိုးရီးယားလို နိုင်ငံတွေဆီကနေ အကူအညီတောင်းနေရသေးတာလေ။ နောက်တစ်ခုက ရာသီဥတုအခြေအနေ ရှိသေးတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်ကို သူတို့ခံနိုင်ပါ့မလားပေါ့။ ဖြစ်နိုင်ချေရှိတာကတော့ ဒီဒေသတဝိုက်ကို နယ်မြေထိန်းချုပ်နိုင်ဖို့ကတော့ မြန်မာစစ်တပ်ကပဲ တာဝန်ယူရလိမ့်မယ်လို့ထင်တယ်။ နယ်မြေထိန်းချူပ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာတွေတွေကိုတော့ ရုရှားကပေးကောင်းပေးလာနိုင်တယ်။။ လူအင်အားကတော့ စစ်ကောင်စီတပ်ကပဲ လုပ်ရမယ့်အပိုင်းလို့ယူဆရတာပေါ့လေ။
DW ။ ဆိုတော့ ဒေသခံတွေအနေနဲ့ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။ အဲဒီအပေါ်ဘယ်လိုအကြံပြုချင်တာရှိလဲ။
ဖြေ ။ ဒီစီမံကိန်းဖြစ်လာရင်တော့ ဒီကဒေသခံတွေ ဒီမှာဆက်နေလို့ရတော့မှာမဟုတ်ဘူး။ ရှောင်ကြ၊ တိမ်းကြရတော့မယ်။ အဲဒီတော့ အခုကတည်းက ဘယ်ကိုရှောင်ကြမလဲ။ ငါတို့ဘာတွေလုပ်ကိုင်စားသောက်ကြမလဲ ဆိုတာအခုချိန်ကတည်းက စဉ်းစားထားသင့်တာပေါ့လေ။ ရောက်လာမှ ရုတ်တရက်ကြီးပြောင်းကြ၊ ပြေးကြရမယ်ဆိုရင် အခက်အခဲတွေက ပိုများဖို့ပဲရှိတယ်။ အဲဒီတော့ကြိုပြင်ကြရမယ်။
DW ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါ။
ဖြေ ။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ငါတို့အခေါ်တော့ ရေနက်ဆိပ်ကမ်းပေါ့လေ။ ဒီစီမံကိန်းကြီးကတော့ မဖြစ်လာပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ တကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင်တော့ ကောင်းကျိုးထက်ဆိုးကျိုးက ပိုများပါလိမ့်မယ်။
“စစ်ကြောင်းကတော့ အခုကိုထိုးနေပြီ။ ……… ပိုပြီးကိုပြေးရဦးမယ်ထင်တယ်”
အထူးစီးပွားရေးဇုန်ဧရိယာရှိ ပရဒပ်ရွာသူတစ်ဦး
DW ။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကြောင်း ဘာတွေကြားထားတာရှိလဲ။
ဖြေ ။ ရုရှားနိုင်ငံကလုပ်မယ်လို့တော့ကြားတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးနဲ့တူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံက ဒီမှာမြေယာလျော်ကြေးတွေ ပေးထားတာအများကြီးရှိတယ်လေ။ ထိုင်းက သူ့ပေးထားတဲ့ငွေတွေ ပြန်မရဘဲနဲ့ ဒီအတိုင်းဝင်လုပ်ခွင့်ပေးပါမလား။ ကျွန်မတို့ကတော့ (ရုရှားနိုင်ငံက) လာမလုပ်ပါစေနဲ့ပဲ ဆုတောင်းနေတယ်။
DW ။ ဘာဖြစ်လို့ ရုရှားနိုင်ငံက လာပြီးအကောင်အထည်ဖော်မှာကို မကြိုက်တာလဲ။
ဖြေ ။ သူတို့က (ရုရှားက) စစ်တပ်နဲ့ပေါင်းပြီးလုပ်မှာလေ။ စစ်တပ်နဲ့ပေါင်းပြီးလုပ်မှတော့ ကျွန်မတို့ဒေသခံတွေ ဘာအကျိုးခံစားခွင့်မှ ပေးမှာမဟုတ်ဘူး။ သူတို့ပေးတာ ဒုက္ခတစ်ခုပဲ။ ဒီမှာ(မြေယာ) လျော်ကြေးမရသေးတဲ့ သူတွေအများကြီးကျန်သေးတယ်။ အဲဒါတွေရတော့မှာမဟုတ်ဘူး။ ပြောရင်ကျွန်မတို့ကို သူတို့က သေနတ်နဲ့ပစ်မှာ။ ကျွန်မတို့ပြောလို့မရဲဘူး။ သူတို့ကပေးဆိုရင် ပေးလိုက်ရဖို့ပဲရှိတယ်။ အဲဒါကြောင့်မလုပ်စေချင်တာ။

DW ။ စီမံကိန်းဖြစ်လာရင် စစ်ကြောင်းထိုးတာတွေလည်းဖြစ်လာနိုင်တယ်။ အဲဒီအပေါ်ဘယ်လိုမြင်လဲ။ ဘာတွေပြင်ဆင်ထားလဲ။
ဖြေ ။ စစ်ကြောင်းကတော့ အခုကိုထိုးနေပြီ။ အစကတည်းက (လက်နက်ကိုင်တော်လှန်ရေး အစကတည်းက) ကျွန်မတို့ပြေးနေကြရတာ။ အခုဆိုပိုဆိုး။ ပိုပြီးကိုပြေးရဦးမယ်ထင်တယ်။ ဘာတွေပြင်ဆင်ထားလဲဆိုတော့ သူများတွေလို မြို့မှာတက်နေဖို့လည်း ဆွေမျိုးသားချင်းရှိတာမဟုတ်ဘူးလေ။ ကိုယ့်မှာရော်ဘာခြံလေးပဲရှိတာ။ အဲဒါလေးနဲ့ ပြေးရင်းလွှားရင်း ခြစ်စားနေရတာ။ သူများဆီမှာ ကျွန်ခံ မစားချင်တော့လို့ ကိုယ့်ခြံလေးနဲ့ကိုယ် အေးဆေးခြစ်စားမယ် ကြံတုန်းရှိသေးတယ်။ ဒီဟာကြီးတွေဖြစ်လာတော့ ကျွန်မတို့မှာ ဒုက္ခကို တော်တော်ရောက်ကြတယ်။ စစ်ကြောင်းထိုးလည်း ပြေးစရာနေရာမရှိဘူး။ သေရင်သေ ဒီမှာပဲနေရမှာပဲ ကျွန်မတို့လင်မယားကတော့။ သားသမီးတွေကိုတော့ ထိုင်းကိုလွှတ်လိုက်ပြီ။
DW ။ အခုလတ်တလော အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာက စီမံကိန်းအတွက် နယ်မြေရှင်းတာမျိုးလား။ ဘယ်လိုသိထားရလဲ။
ဖြေ ။ အဲဒါတော့ကျွန်မတို့လည်း မပြောတတ်ဘူး။ သူများတွေကတော့ အဲလိုမျိုးပဲပြောနေကြတယ်။ ဘယ်သူ့မှတော့ တိတိကျကျမသိဘူး။ ကျွန်မတို့ကတော့ ရေနက်ဆိပ်ကမ်းအတွက်မဟုတ်ဘဲ အရင်တုန်းကလိုပဲ ဝင်ပြီးပြန်ထွက်သွားစေချင်တယ်။ ကျွန်မတို့မှာဆို ဒီနှစ်အလုပ်လုပ်စားချိန်ကိုမရှိသေးဘူး။ ပြေးနေရတာကများတယ်။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ အစကတော့ ကျွန်မတို့က ကြာလာရင် တဖြည်းဖြည်းနဲ့ ဒီနားမှာတိုက်ပွဲတွေဘာတွေ မဖြစ်တော့ဘဲနဲ့ အေးဆေးသွားမယ်လို့ထင်ထားတာ။ အခုမှထပြီး အဲဒီရေနက်ဆိပ်ကမ်းကိစ္စကြီးက ပြန်ပေါ်လာတော့ ကျွန်မတို့မှာ အေးဆေးနေရမယ် ကြံကာရှိသေးတယ်။ အခုပြေးရပြန်တော့မယ်။ ဖြစ်နိုင်ရင်ကျွန်မတို့ကတော့ ဒီဟာကြီး( ရေနက်ဆိပ်ကမ်းစီမံကိန်း) ကို လုံးဝကိုမလုပ်စေချင်ဘူး။
DW ။ ဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
“လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာမယ်။ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းတာတွေ ပိုဖြစ်လာမယ်”
မယ်ဆု၊ MAGGA Initiative ဒါရိုက်တာ
MAGGA Initiative အဖွဲ့သည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကိုရုရှားအစိုးရနှင့် စစ်ကောင်စီတို့ ပူးပေါင်းအကောင်အထည်ဖော်မည့် ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာသည့် တနင်္သာရီဒေသ အရပ်ဘက်နှင့် နိုင်ငံရေး အဖွဲ့အစည်း ၁၁ ဖွဲ့ တွင် ပါဝင်သည်။
DW ။ အခုလိုအခင်းအကျင်းမျိုးမှာ အထူးစီးပွားရေးဇုန်စီမံကိန်းပြန်စဖို့ လုပ်လာတဲ့အပေါ်မှာ တနင်္သာရီဒေသ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုမြင်လဲ။ ဘယ်လို သဘောထားရှိလဲ။
ဖြေ ။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းက ၂၀၀၈ ခုနှစ်ကတည်းကစပြီး MoU ထိုးပြီးလုပ်လာတာ ၁၅ နှစ် သက်တမ်းကျော်ရှိနေပြီ။ အရှေ့က ITD(အီတာလျံထိုင်းကုမ္ပဏီ) နဲ့ လုပ်ထားတဲ့ မြေယာအငြင်းပွားမှု လျော်ကြေးကိစ္စတွေ။ အဲဒီအရှုပ်အထွေးကိစ္စတွေက ရှင်းလို့မပြီးသေးဘူး။ အခုလိုမျိုး တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန် နိုင်ငံရေး မတည်ငြိမ်တဲ့အချိန်မှာ ပြန်လုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်းရှိမှာ မဟုတ်ဘူး။ အရှေ့မှာဖြစ်နေတဲ့ကိစ္စတွေကို မရှင်းနိုင်သေးဘဲ နောက်တစ်ခု ဆက်လုပ်မှာဆိုတော့ အရင်ကဖြစ်ခဲ့တဲ့ အခြေအနေမျိုးထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာမယ်။ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းတာတွေ ပိုဖြစ်လာမယ်။ နယ်မြေရှင်းလင်းမှုတွေကို အတင်းအဓမ္မ စစ်ကြောင်းထိုးပြီးလုပ်လာလိမ့်မယ်လို့မြင်ပါတယ်။ ဆိုတော့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံရေးမတည်ငြိမ်ချိန်မှာလုပ်တဲ့ စီမံကိန်းဟာ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းပဲ ဖြစ်ပါလိမ့်မယ် လို့ မြင်ပါတယ် ။
DW ။ အခုလို မြေပြင်မှာဖြစ်နေတဲ့ အခြေအနေနဲ့ဆိုရင် ဒီအထူးစီးပွားရေးဇုန်စီမံကိန်းက အောင်မြင်မယ်လို့ ထင်လား။ဘာကြောင့်လဲ။
ဖြေ ။ ဒီစီမံကိန်း အကောင်အထည်ဖော်မယ့်နေရာဟာ စစ်ရေးအရ ခဏခဏ ပွတ်တိုက်မှုဖြစ်နေတဲ့ စစ်မြေပြင် ဧရိယာဖြစ်တယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအစုအဖွဲ့တွေကြားမှာ စစ်ရေးအရ လုံးဝပွတ်တိုက်မှု ဖြစ်နေတယ်။ မတည်ငြိမ်တဲ့နေရာဖြစ်တယ်။ အခုလက်ရှိ အခြေအနေအထိ ဘာအဆောက်အဦး ဘာ infrastructure (အခြေခံအဆောက်အအုံ) မှ တည်ဆောက်နိုင်တဲ့ ဖြစ်နိုင်ချေလည်း လုံးဝမရှိပါဘူး။ ဒီစီမံကိန်းက ဒီလိုနိုင်ငံရေး မတည်ငြိမ်မှု၊ စစ်ရေးမတည်ငြိမ်မှု အခြေအနေတွေနဲ့ အောင်မြင်မယ်လည်း မထင်ပါဘူး ။
DW ။ ဒီစီမံကိန်းအကောင်အထည်ဖော်လာရင် ဒေသခံတွေအတွက် ဘယ်လိုကောင်းကျိုးဆိုးပြစ်တွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ဒီစီမံကိန်းက အကောင်အထည်ဖော်လာခဲ့မယ်ဆိုရင် အဓိက က ညစ်ညမ်းတဲ့စက်မှုဇုန်တွေ ပါဝင်မယ်။ ကျောက်မီးသွေး(သုံး) လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေပါမယ် ။ ပြီးတော့ မကြာသေးခင်ကလည်း နျူးကလီးယား စက်မှုဇုန်နဲ့ပတ်သက်ပြီး အသေးစားတည်ဆောက်ဖို့လည်း သဘောတူညီမှုပြုလုပ်ခဲ့တယ်လို့လည်း သိရတယ်။ အဲဒီလိုမျိုး ညစ်ညမ်းစက်မှုဇုန်၊ စက်ရုံတွေဟာ ကျွန်မတို့ ထားဝယ်သူ ထားဝယ်သားတွေရဲ့ အသက်ရှင်ရပ်တည်မှု အသက်မွေးဝမ်းကျောင်းမှု မှီခိုပြုနေတဲ့ နေရာတွေမှာ တည်ဆောက်မှာဖြစ်တယ်။ အဲဒါက ကျွန်မတို့သည် ပင်လယ်ကိုမှီခိုတယ်။ တောတောင်ရေမြေတွေနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်ကြတယ်။ ဆိုတော့ ဒါတွေသည် အသက်ရှင်ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်းကိစ္စတွေနဲ့ နှိုင်းယှဥ်လိုက်ရင် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်။ အဲဒီတော့ ကျွန်မတို့ရဲ့ ရှိပြီးသား သဘာဝအရင်းအမြစ်တွေနဲ့ ရှင်သန်ရပ်တည်မှုတွေကို ခြိမ်းခြောက်လာဖို့ ရှိပါတယ် ။
DW ။ ဒါအပြင် တနင်္သာရီဒေသအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားထုတ်ပြန်ချက်မှာ သဘာဝပတ်ဝန်းကျင်နဲ့ ယဥ်ကျေးမှုဆိုင်ရာတွေပါ ဆိုးကျိုးရှိတယ်ဆိုလို့ ပါတယ်ပေါ့နော်။ ဘယ်လိုဆိုးကျိုးမျိုးလဲ။ ဒီအပေါ်မှာ မြင်သာအောင် ထပ်ရှင်းပြပေးပါလား ။
ဖြေ ။ စီမံကိန်း အကောင်အထည်ဖော်မယ့်နေရာသည် ကျွန်မတို့ ထားဝယ်လူမျိုးတွေရဲ့ မူလဘူတနေရာဇစ်မြစ် ဖြစ်တယ်လို့ ပြောလို့ရတယ် ။ အဓိက က ထားဝယ်လူမျိုးတွေရဲ့ ဘာသာစကားနဲ့ဓလေ့စရိုက်၊ ယဥ်ကျေးမှုတွေဟာ အဲဒီနေရာမှာ သဘာဝအတိုင်းပဲရှိနေတာကို တွေ့မြင်ရတယ်။ ဆိုတော့ ကျွန်မတို့ လူမျိုးစုတစ်ခုရဲ့ ရိုးရာယဥ်ကျေးမှု အမွေအနှစ်ဆိုင်ရာ တန်ဖိုးထားမှုတွေကို ထိန်းသိမ်းဖို့လိုအပ်တဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် ဒီစီမံကိန်းသာ အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ထားဝယ်လူမျိုးရဲ့ မူလဘူတနေရာလည်း ဆုံးရှုံးမယ်။ ယဥ်ကျေးမှုတွေ ဓလေ့ထုံးတမ်းအစဥ်အလာတွေပါ အကြီးအကျယ်ထိခိုက်မှု ရှိလာနိုင်ပါတယ်။
DW ။ ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားကလာလုပ်မယ့်ဟာက စီးပွားရေးအကျိုးအမြတ်ထက် စစ်ရေးနဲ့ ဆက်နွယ်နိုင်တယ်ဆိုပြီး ပြောဆိုကြတာလည်းရှိတယ်။ ဒီပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ ။ ဒီစီမံကိန်းကနေပြီးတော့ ရုရှားအတွက် စီးပွားရေးအရ တွက်ချေကိုက်မှုရှိမရှိက ပြောဖို့ခက်ခဲပါတယ်။ မြန်မာနဲ့ရုရှားကြားမှာ တိုက်ရိုက်ကုန်သွယ်မှုကလည်း အများကြီးမရှိဘူးလို့ နားလည်ထားတယ်။ အဓိက မြင်တာက မင်းအောင်လှိုင်(စစ်ခေါင်းဆောင်)အနေနဲ့ စစ်ကောင်စီက ရုရှားနဲ့ သံတမန်ရေးအရ ဆက်ဆံရေးအဆင်ပြေဖို့ရယ် စစ်ရေးအရ စစ်လက်နက်ပစ္စည်းတွေ အထောက်အပံ့တွေရယူနိုင်ဖို့ လုပ်တယ်လို့ ပြောနိုင်ပါတယ်။
DW ။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနိုင်ငံကသာ အကောင်အထည်ဖော်လာမယ်ဆိုရင် တနင်္သာရီဒေသ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒေသခံတွေနဲ့အတူ ဘယ်လိုရပ်တည်တုန့်ပြန်သွားဖို့ စဉ်းစားထားလဲ။
ဖြေ ။ ဒီစီမံကိန်းက စတင်ခဲ့တဲ့အချိန်ကတည်းက ရင်းနှီးမြှုပ်နှံမှုရှုထောင့်ကရော ဒေသခံတွေရဲ့ရှုထောင့်အရရော လုံးဝအဆင်မပြေခဲ့ဘူး။ အဓိကကတော့ ဒီစီမံကိန်းနဲ့ တစ်ဆက်တည်းမှာ အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေယာနဲ့ပတ်သက်ပြီး အငြင်းအပွားမှုတွေ တောက်လျှောက်ဖြစ်ခဲ့တယ်။ အခုချိန်အထိ ဒါတွေက ရှင်းလင်းလို့ မပြီးပြတ်သေးဘူး။ ဒါပေမဲ့ ဒီစီမံကိန်းကို အတင်းအကျပ် အကောင်အထည်ဖော်လာခဲ့လို့ ဒေသခံတွေ ကလည်း ဒါကို လက်မခံဘူးဆိုရင် ဒေသခံတွေနဲ့အတူတူရပ်တည်ပြီး နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်တားဆီးသွားဖို့ ရှိပါတယ် ။
DW ။ ကျေးဇူးတင်ပါတယ်။