BREAKING
April 2, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

March 30, 2025

မတ်လ ၂၃ရက်ကနေ မတ်လ ၂၉ရက်အထိ 

 အင်အားအလွန်ပြင်းတဲ့ ငလျင်ကြီးကြောင့် လူထောင်ချီသေဆုံး

Photo – Win Naing Soe

ရစ်(ခ်) တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူထောင်နဲ့ချီ ထိခိုက် သေဆုံးဒဏ်ရာရသလို အဆောက်အအုံတွေထဲ ပိတ်မိသူတွေလည်း များစွာ ရှိနေပါတယ်။ 

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ်လ ၂၈ ရက် မွန်းလွဲ ၁နာရီလောက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာ အကွာကနေ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းအရှေ့မြောက် တွေမှာ ထိခိုက်သေဆုံးတာ၊ ပျက်စီးဆုံးရှုံးတာ များစွာရှိခဲ့ပါတယ်။ ဒီဒေသတွေကို စစ်ကောင်စီက ငလျင်ဘေးသင့် အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပါတယ်။ မတ်လ ၁၉ ရက် ညနေပိုင်းအထိ နောက်ဆက်တွဲ ငလျင် ၁၄ ကြိမ်အထိရှိခဲ့ပါတယ်။ 

ငလျင်ဒဏ်သင့်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက မတ်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ရာမှာတော့ သေဆုံးသူ ၁၆၄၄ ဦး ဒဏ်ရာရသူ ၃၄၀၀ နီးပါးရှိပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ဒဏ်ရာရ လူနာတွေ ပြည့်ကျပ်နေပြီး မနိုင်မနင်းနဲ့ ကုသပေးဖို့ အခက်အခဲဖြစ်သလို အရေးပေါ် သွေးလိုအပ်မှုလည်း မြင့်မား နေတယ်။ ငလျင်ကြောင့် ထပ်မြင့်တိုက်တွေ အပါအဝင် ပိတ်မိနေတဲ့နေရာတွေ များစွာရှိနေပြီး လူအင်အား၊ နည်းပညာ၊ စက်ကိရိယာ အခက်အခဲ မလုံလောက်မှုတွေကြောင့် ကယ်ဆယ်ရေးအတွက်လည်း အကြီးအကျယ် အခက်အခဲကြုံနေရပါတယ်။

NUG က မတ်လ ၂၉ ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန်တဲ့ စာရင်းမှာတော့ အဆောက်အအုံ သုံးထောင်နီးပါး၊ တံတား ခုနစ်စင်းခန့်၊ ဘုရားစေတီပုထိုး၊ ဘုန်းကြီးကျောင်း တစ်ရာနီးပါးနဲ့ ဗလီ ၅၀ ခန့် ပြိုကျပျက်စီးတယ်လို့ ဖော်ပြပါတယ်။ 

ငလျင်ကြောင့် မန္တလေးမှာ လေဆိပ်ပြိုကျတာ၊ လူနေထပ်မြင့်တိုက်တွေ၊ ဟိုတယ်တွေ၊ ဘုန်းကြီး ကျောင်းဆောင်ကြီးတွေ၊ စေတီပုထိုးတွေ၊ ဗလီတွေ ပြိုကျတာ၊ မြေထဲ ကျွံဝင်တာ၊ တက္ကသိုလ် ပြိုကျ မီးလောင်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ပြိုကျရာမှာ ရာနဲ့ချီတဲ့ ပြည်သူတွေ၊ ရာနဲ့ချီ ရဟန်းသံဃာတွေ ပိတ်မိနေပြီး ရှာဖွယ်ကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲများစွာ ကြုံနေရပါတယ်။ 

စစ်ကိုင်းမှာလည်း စစ်ကိုင်းတံတားဟောင်း ပြိုကျခဲ့ပါတယ်။ နေပြည်တော်မှာဆိုရင် ခုတင် ၁၀၀၀ ဆေးရုံ၊ စျေးတွေ၊ ဝန်ထမ်း အိမ်ရာတွေ အပါအဝင် နေအိမ်အဆောက်အအုံတွေ ပြိုကျတာ၊ လေဆိပ်မှာ လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျတာ၊ လမ်းတွေ အက်ကွဲကြောင်းကြီးတွေ ဖြစ်သွားတာတွေ တွေ့ရပါတယ်။ ဒါ့အပြင် အမြန်လမ်းနဲ့ စစ်ကိုင်းဘက်က လမ်းတွေ လည်း မြေကြီးအက်ကွဲကြောင်းကြီးတွေ ဖြစ်ပြီး ကားတွေ နစ်ဝင်သွားတာတွေ တွေ့ရပါတယ်။ ရှမ်းမှာ အောင်ပန်းမှာ ဟိုတယ်ပြိုကျတာ၊ အင်လေးမှာ ဘုန်းကြီးကျောင်းတွေ နေအိမ်အဆောက် ပြိုကျတာတွေ တွေ့ရပါတယ်။ 

ငလျင်အန္တရာယ်ဆက်ရှိနေတာကြောင့် ပြည်သူတွေဟာ မတ်လ ၂၈ ရက် ညမှာ မန္တလေးမြို့ခံတွေ လမ်းပေါ်မှာ ယာယီ တဲထိုးပြီး အိပ်ကြတာ တွေ့ရပါတယ်။ ငလျင်ဟာ မြန်မာနိုင်ငံအပြင် ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့ကိုပါ သက်ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဆောက်လက်စ တိုက်ပြိုကျရာမှာလည်း မြန်မာအလုပ်သမားတွေ သေဆုံးခဲ့ပါတယ်။  

ငလျင်လှုပ်ပြီးနောက်မှာ မြေအောက်ရေတိုးလို့ မြေသားပျော့ပြီး အဆောက်အအုံတွေထိခိုက်ပျက်စီးနိုင်တဲ့အပြင် တောင်ကုန်း မြင့်တွေ ပြိုကျလာနိုင်တဲ့အန္တရာယ်လည်းရှိနေတယ်လို့ အမေရိကန် ဘူမိဗေဒသုတေသနဌာနက သတိပေးထား ပါတယ်။ 

အခုငလျင်ဖြစ်စဉ်မတိုင်ခင် အခုမတ်လ ၅ရက်ကလည်း ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်၊ ရှမ်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ တစ်ရက်တည်း ငလျင်ခြောက်ကြိမ်လှုပ်ခဲ့သလို မတ်လ ၃ရက်လည်း ရန်ကုန်နဲ့ မင်းဘူးမှာ ငလျင်လုပ်ခဲ့တာကြောင့် ငလျင်ကြီးကြီး လှုပ်ခတ်မှာကို ပြည်သူတွေကြား စိုးရိမ်မှု မြင့်တက်ခဲ့ပါသေးတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရှေးဟောင်းသမိုင်းဝင်နေရာတွေ ငလျင်ကြောင့်ပျက်စီး

ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းက ရှေးဟောင်းသမိုင်းဝင် နေရာတချို့ ပြိုကျပျက်စီးခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း မင်းကွန်းဒေသမှာ ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီ ထိပ်ပိုင်း ပြိုကျပျက်စီးပြီး မင်းကွန်းပုထိုးတော်ကြီးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မင်းကွန်းဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းတိုက်၊ သိမ်၊ လွမ်းစေတီနဲ့ သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ 

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့က ရှေးဟောင်းသမိုင်းဝင် မယ်နုအုတ်ကျောင်းနဲ့ လေးထပ်ကြီးကျောင်းတို့လည်း ပြိုကျ ပျက်စီးခဲ့ပါတယ်။ မဟာမုနိဘုရားကြီး စိန်ဖူးတော်မြေခပြီး ဘုန်ကြီးကျောင်းဆောင်ကြီးတွေ၊ ဗလီတွေ များစွာ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးနန်းမြို့ရိုး နေရာအချို့လည်း ပြိုကျ ပျက်စီးခဲ့ပါတယ်။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာ့ငလျင်ဘေး သေဆုံးသူ တစ်သောင်းကနေ တစ်သိန်းအထိရှိနိုင်

Photo – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိင်းဒေသကြီး ကော်မတီ

ငလျင်ဘေးကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ တစ်သောင်းကနေ တစ်သိန်းအထိ ရှိနိုင်တယ်လို့ အမေရိကန် ဘူမိဗေဒသုတေသနဌာန (USGS) က မတ်လ ၂၉ ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ 

သေဆုံးသူ တစ်သောင်းနဲ့ တစ်သိန်းကြား ဖြစ်နိုင်ခြေဟာ ၃၅ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပြီး သေဆုံးသူ တစ်သောင်းကျော်နိုင်တဲ့ ဖြစ်နိုင်ခြေကတော့ ၇၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ တစ်သိန်းကျော်နိုင်တဲ့ ဖြစ်နိုင်ခြေကတော့ ၃၆ ရာခိုင်နှုန်းအထိရှိတယ်လို့ USGS က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် မြန်မာပြည်တွင်း စီးပွားရေး ထိခိုက်ဆုံးရှုံးဟာလည်း အမေရိကန်ဒေါ်လာ တစ်ရာ ဘီလီယံ အထက်ကို ကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ၊ အကူအညီတွေ စရောက်

Photo –  Chinese Embassy in Myanmar

မြန်မာ့ငလျင်ဘေးကို ကူညီကယ်ဆယ်ဖို့ နိုင်ငံတချို့က ကယ်ဆယ်ရေးအဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ မတ်လ ၂၉ ရက်မှာ စတင်ရောက်ရှိလာပါတယ်။ 

တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဟာ မတ်လ ၂၉ရက်မနက်မှာ ရန်ကုန်ကို ရောက်ရှိပြီး ထိခိုက်ပျက်စီးမှု များတဲ့ နေပြည်တော်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံကို အစောဆုံးရောက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံကလည်း အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ရောက်ရှိလာပါတယ်။ 

ဒါ့အပြင် အဖွဲ့ဝင် ၁၂၀ ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ရုရှားနိုင်ငံက စေလွှတ်လိုက်ပြီး စင်ကာပူနိုင်ငံက အဖွဲ့ဝင် ၈၀ ဦးပါတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဟာလည်း မတ်လ ၂၉ ရက်မှာ ရောက်ရှိလာပါတယ်။ မလေးရှားနိုင်ငံ အဖွဲ့ဝင် ၁၀ ဦးပါဝင်တဲ့ အဖွဲ့ဟာလည်း ရောက်ရှိလာပြီး အဖွဲ့ဝင် ၄၀ ပါတဲ့ နောက်ထပ်တစ်ဖွဲ့ကိုလည်း မတ်လ ၃၀ ရက်မှာ စေလွှတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ (EU) က ကနဦးအရေးပေါ်အကူအညီအဖြစ် ယူရို ၂ဒသမ ၅သန်း ကူညီမယ်လို့ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂကလည်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ကူညီဖို့ရှိနေပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ငလျင်ဒဏ်သင့်တဲ့ မြန်မာနိုင်ငံကို အကူအညီတွေပေးမယ်လို့ ပြောဆိုထားပါတယ်။ 

ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာကျော် ဘောလုံးကလပ်တွေ ဖြစ်တဲ့ မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ စပါးနဲ့ ဘရန့်ဖိုဒ်တို့က ဆုတောင်းစကား ဆိုခဲ့ကြပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စစ်အသုံးစရိတ် တိုးသုံးမယ်လို့ စစ်ခေါင်းဆောင်ပြော

Photo – REUTERS

လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ထားတယ်လို့ စစ်ခေါင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 

ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် အသုံးစရိတ်တိုးမြှင့်ထားတယ်လို့ မတ်လ ၂၄ ရက်က ပြောဆိုထားတာပါ။ ဒါပေမယ့် ဘယ်လောက်တိုးမြှင့်အသုံးပြောမယ်ဆိုတဲ့ ပမာဏ အတိအကျကိုတော့ ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ စစ်အသုံးစရိတ်ကို ကျပ်ဘီလီယံ ၆၅၀၀ ကျော်အထိ သုံးစွဲခဲ့ပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ အသုံးစရိတ်ကို ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ စစ်ကောင်စီက စစ်အသုံးစရိတ် တိုးမြှင့်မှာဖြစ်တာကြောင့် စစ်ရေးအရှိန်ပိုမြှင့်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။