ဘလက်ပင့် အဖွဲ့ဝင် ထိုင်းနွယ်ဖွား ကေပေါ့ပ်အဆိုတော် လီဆာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်ရှိ ဈေးသည်များက အသားလုံး ၅၀၀ ကီလိုဂရမ်ကျော်ကို ပေးဝေခဲ့ကြသည်။
ရက်ပ်နှင့် ကေပေါ့ပ် အဆိုတော် အကသမားဖြစ်သူ လီဆာကြောင့် ၎င်းတို့၏ လုပ်ငန်းများ တွင်ကျယ်လာသည့်အတွက် ဘူရီရမ် ဘူတာရုံမှ စျေးသည်များက မတ်လ ၂၇ရက်နေ့တွင် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လီဆာသည် အင်တာဗျူးတစ်ခုတွင် သူမအကြိုက်ဆုံး သရေစာမှာ သူမ၏ မွေးရပ်မြေ ဘူရီရမ်ရှိ ဘူတာရုံနောက်မှ စျေးသည်များရောင်းသော ထိုင်းငရုတ်သီးဆော့နှင့် ကင်၊ ကြော်ထားသည့် အသားလုံးများ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဘူရီရမ်ပြည်နယ်၊ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “ဘူရီရမ်မှာ အသားလုံးလုပ်ငန်းကို လူကြိုက်များအောင် ပြုလုပ်ပေးလို့ လီဆာကို ကျေးဇူးတင်ပါတယ်။ အဲ့ဒါက (ဘူရီရမ်က) လူတိုင်းရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တာပါ” ဟု ရေးသားဂုဏ်ပြုခဲ့သည်။
အဆိုပါ ပို့စ်တွင် ” လီဆာအနေနဲ့ အောင်မြင်မှု၊ ကျော်ကြားမှု တွေနဲ့ ကျန်းမာချမ်းသာပြီး ကမ္ဘာပေါ်က လူတိုင်းဆီက ချစ်ခြင်းမေတ္တာကို ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု ရေးသားခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ရုပ်သံအင်တာဗျူးတစ်ခုတွင် လာလီဆာ (Lalisa) အမည်ရ သူမ၏တစ်ကိုယ်တော် အခွေ ကို ပရိုမိုးရှင်းလုပ်နေစဉ် အဆိုတော် လီဆာက သူမ၏ မွေးရပ်မြေမှ ယွမ်ကင် အသားလုံး များကို လွမ်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“အဲ့ဒီအသားလုံးတွေက တကယ်နာမည်ကြီးတယ်။ လူတွေက ဘူရီရမ် ရထားဘူတာမှာ ဝယ်ပြီးတာနဲ့ ချက်ချင်းစားကြတာ” ဟု အဆိုတော် လီဆာ နှင့် အဆိုပါ အင်တာဗျူးကို စီစဉ်ခဲ့သည့် “WOODY SHOW” မှ ထိုင်းနိုင်ငံမှ နာမည်ကြီး အစီအစဉ်တင်ဆက်သူ ၊ ဝူသီထွန် “ဝူဒီ” မီလင်တာချင်ဒါ က ပြောသည်။
ယွမ်ကင်အသားလုံးများ၏ ထူးခြားချက်မှာ ယင်းအသားလုံးများနှင့် တွဲဖက်စားသောက်ရသည့် အထူးပြုလုပ်ထားသော ထိုင်းငရုတ်သီးဆော့စ် ဖြစ်ပြီး အဆိုပါ ဆော့စ်ကို ဘူရီရမ်ဒေသမှာသာ ရနိုင်သည်ဟု လီဆာက ပြောသည်။
“အဲဒီဆိုင် အရမ်းကောင်းပါတယ်။ တခြားဘယ်မှာမှ ဒီဆိုင်က အရသာလို မရနိုင်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ အင်တာဗျူး ထုတ်လွှင့်ပြီး ရက်ပိုင်းအတွင်း ဘူရီရမ် ဘူတာမှ စျေးသည်များထံ မြောက်များလှစွာသော ဖောက်သည်များ ရောက်ရှိလာသလို ရောင်းအားများလည်း အဆမတန် ထိုးတက်လာခဲ့သည်။
အသားလုံးရောင်းချသူ အာရွန်ဆရီ ခမ်နာ့ကလန် သည် က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နေ့ ရောင်းအား ဘတ်ငွေရာဂဏန်းမျှသာရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနကို ပြောကြားခဲ့သည်။
သို့သော် ကေပေါ့ပ်ကြယ်ပွင့် လီဆာ၏ အင်တာဗျူး ကို ထုတ်လွှင့်မှုအပြီး ၎င်း၏ အသားလုံးရောင်းအားမှာ တစ်ရက်လျှင် ဘတ် ၁၀,၀၀၀ (စင်ကာပူဒေါ်လာ ၃၈၇) ကျော်အထိ မြင့်တက်လာခဲ့ပြီး အများစုမှာ အွန်လိုင်းမှာယူမှုများမှ ဖြစ်သည်။
ဘူရီရမ် ပြည်နယ် ၊ ခရီးသွားလုပ်ငန်း ကောင်စီဥက္ကဌ ဘောဒင် ရွမ်ဆုဆရီဝုန် ၏ ပြောကြားချက်အရ လီဆာ ၏ အင်တာဗျူးကြောင့် စျေးသည်များသည် တစ်ရက်လျှင် အမှာစာ ၂,၀၀၀ခန့် အထိ ရရှိလာခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် အဆိုတော် လီဆာ ကို သူမ၏ ဆင်ဂယ်လ် သီချင်းဗီဒီယို တွင်း မွေးရပ်မြေ (ဘူရီရမ်) နှင့် ထိုင်းယဉ်ကျေးမှု ကို သရုပ်ဖော်မိတ်ဆက်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ယခင်က ပြောကြားခဲ့သည်။
Reference