Princes in The Darkness 1990s
အခန်း(၂၉)
ရန်သူများက ဖမ်းဆီးသွားသော မင်းသမီးလေးကို မထင်မရှားတပ်မှူးလေးက သွားရောက်ကယ်ဆယ်သည့် ပုံပြင်တစ်ခုအလား..ထိုဇာတ်လမ်းသည် ကျွန်မဖခင် အမြဲပြောပြတတ်သော အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့သည်။
ထိုအချိန်မှစပြီး ကလေးဘဝ ကျွန်မ၏ နှလုံးသားထဲတွင် တပ်မှူးလေးလော နှင့် စစ်သူရဲကောင်း မလေးယန်အော့ တို့၏ အမည်များမှာ စွဲထင်နေခဲ့၏။
အမည်များသာ မဟုတ်။ သူတို့၏ ပုံရိပ်များကို ကျွန်မစိတ်ကူးဖြင့် ပုံဖော်ကြည့်နေမိတတ်၏။
ကျွန်မတို့နေထိုင်ရာရွာကလေးသည် လောက်ကိုင်မြို့မှ သုံးနာရီကျော်လမ်းလျှောက်သွားရသော နေရာတွင် တည်ရှိသည်။
အဖေသည် ကျွန်မတို့ရွာတွင် စော်ဘွားမှ ခန့်အပ်ထားသော ကာကွယ်ရေးခေါင်းဆောင်တစ်ယောက်။
သို့သော် အဖေသည် မာလိပါးဒေသ၏ လူငယ်တပ်မှူးနှစ်ဦီးဖြစ်သော တပ်မှူးလော နှင့် တပ်မှူးဖုန်တို့ ကိုတော့ အတော်လေး လေးစားသူဖြစ်သည်။
သူတို့နှစ်ယောက်အကြောင်းပြောသည့်အခါ အဖေ့မျက်လုံးများ တောက်ပနေတတ်ပြီး..အဖေ့၏ အသံကလည်း တက်ကြွနေစမြဲ။
ထိုနှစ်ယောက်တွင်မှ အဖေ ပိုပြီး လေးစားသည်က တပ်မှူးလော ဖြစ်လာ၏။
စော်ဘွား၏ နှမ မမလေးယန်းအော့ကို ဗမာစစ်တပ်နယ်မြေထဲအထိ ဝင်ရောက်ကယ်ဆယ်ခဲ့သည့် ကိုးကန့်စစ်သူရဲကောင်းအဖြစ် တပ်မှူးလောကို အဖေက အမြဲ ဂုဏ်ယူနေတတ်သည်။
ကျွန်မ အသက်ခုနှစ်နှစ်အရွယ်တွင် ကျွန်မ လောက်ကိုင်သို့ ပထမဆုံးအကြိမ်ရောက်ဖူးဖို့ဖြစ်လာ၏။
ခရီးက ဝေးသဖြင့် အဖေက ကျွန်မကို ခေါ်ချင်သည်မဟုတ်။ အရင်အခေါက်များကလည်း ကျွန်မအကို ကိုသာ ခေါ်သွားတတ်၏။
ယခုတကြိမ်တွင်တော့ ကျွန်မက မရမက ဂျီကျမိသည်။ ကျွန်မ အမေနှင့် မနေခဲ့ချင်ပါ။
အဖေသည် ရှမ်းကချင်ကပြားဖြစ်ပြီး၊ အမေက ပလောင်လူမျိုးဖြစ်သည်။ ကျွန်မအမေသည် ကျွန်မကို မွေးပြီးကတည်းက ဘိန်းစွဲနေခဲ့၏။
အမေသည် မနက်မိုးလင်းလင်းချင်း ထမင်းဟင်းများ ချက်ပြုတ်ပြီးသည်နှင့် သူ့ဘိန်းပြောင်းကို ကိုင်ကာ အိမ်၏ ထောင့်တစ်နေရာရာတွင် သွားမှိန်းနေတတ်သည်။
အဖေက တောင်ယာကိစ္စများ၊ ကာကွယ်ရေးတပ်များကိစ္စနှင့် အိမ်တွင်မရှိချိန် ကျွန်မတို့ မောင်နှမမှာ အမေရှုထုတ်လိုက်သည့် စိမ်းရွှေရွှေ့ဘိန်းငွေ့များထဲတွင်ပင် ကြီးပြင်းလာကြ၏။
အမြဲတမ်း လေးလံထိုင်းမှိုင်းနေသည် အမေ့ထက် အဖေ့ကိုသာ ကျွန်မတို့ ပိုခင်တွယ်ခဲ့ကြသည်။
အဖေသည် သူ၏ မြင်းပေါ်တွင် ကျွန်မကို တင်ကာ လောက်ကိုင်မြို့ရှိ စော်ဘွားလက်အောက်ခံတပ်များ အစည်းအဝေးသို့ တက်ရောက်ရန်လာခဲ့ခြင်းဖြစ်သည်။
မာလိပါး၏ မြို့တော်။
ပေါ်ပီခင်းများလှိုင်လှိုင်ပေါက်နေသည့် တောင်တန်းများအလယ်မှ လောက်ကိုင်သည် ကျွန်မစိတ်ကူးထဲကလောက် ခမ်းနားသည့်မြို့မဟုတ်ပါ။
နေရောင်ခြည်အောက်တွင် ခေါင်မိုးဖြူဖြူများ စီရရီဖြင့် မြို့လေးဆီသို့ ကျွန်မတို့ မဝင်ရောက်ခင်မှာပဲ တဲတန်းကြီးတစ်ခုအား တွေ့လိုက်ရသည်။
“ဒါ ဘိန်းဈေးပွဲလုပ်တဲ့နေရာပေါ့”
တဲတန်းကြီးတလျှောက်တွင် တရုတ်လူမျိုးများရော၊ လူဖြူအချို့ကိုပါ ကျွန်မ တွေ့ရပါသည်။
ဘိန်းဈေးပွဲနေရာအား ကျော်လာသည့်အခါ လောက်ကိုင်မြို့အဝင်တံတားလေးအား လှမ်းမြင်နေရပြီဖြစ်၏။
အဖေက ခပ်ဝေးဝေးမှ တောင်ကတုံးလေးတစ်ခုအား ကျွန်မကို ညွှန်ပြပါသည်။
“အဲ့ဒီနေရာကနေ တို့စော်ဘွားကြီးက သူ့နှမ မမလေးယန်းအော့ ပြန်အလာကိုစောင့်နေတာပေါ့…ယန်းအော့နဲ့ တပ်မှူးလေးလော တို့ ဂျစ်ကားဟာ အခု တို့ မြင်းစီးလာတဲ့လမ်းအတိုင်း မောင်းဝင်လာခဲ့တာ”
အဖေ့စကားကို ကြားရမှ ကျွန်မ၏ ငယ်ဘဝအိပ်ရာဝင်ပုံပြင်များနှင့် လောက်ကိုင်ကို ဆက်စပ်မိကာ ကြည်နူးသွားရသည်။
ရွှံပုပ်များ၊ မြက်ပင်ရှည်များနှင့် ပြည်နှက်နေသည့် ချောင်းရိုးအပေါ် တံတားအတိုင်း ကျွန်မတို့ဖြတ်လာပြီးမှာတော့ လောက်ကိုင်မြို့ထဲကို ရောက်ရှိပါပြီ။
ယန်စော်ဘွားဟော်နန်း သို့ မရောက်မီ ကြာကန်အဟောင်းကြီးတစ်ခု၏ ဘေးကွက်လပ်တွင် အဖေနှင့် သူ၏ မိတ်ဆွေမာလိပါးကျေးရွာကာကွယ်ရေးခေါင်းဆောင်များ စုဝေးလိုက်ကြသည်။
အဖေက ကျွန်မကို မြင်းပေါ်မှ ချပေးပြီး ခပ်ဝေးဝေးမသွားရန် ပြော၏။
မကြာမီ မောင်းထုသံကြားရပါသည်။
စော်ဘွားဟော်နန်းဆီမှ စုဝေးရန် အချက်ပေးသံဟု ပြောကြပြီး အဖေတို့ တသိုက် ပြင်ဆင်နေကြ၏။
“ဂျာနူး….လာ..ဟော်နန်းကြီးဆီ..သွားကြစို့…ဟိုမှာ သမီးတွေ့ချင်တဲ့ မမလေးယန်းအော့တို့ တပ်မှူးလော တို့ကို တွေ့ချင်လည်း တွေ့ရမယ်”
ကျွန်မ ဟေးခနဲ အော်ကာ ခုန်ပေါက်လိုက်မိသည်။ ကျွန်မငယ်ဘဝပုံပြင်များထဲမှ ဇာတ်ကောင်များကို ကျွန်မ မြင်ဖူးတော့မည်မဟုတ်လား။
သို့သော် ကျွန်မ၏ မျှော်လင့်ချက်များ မပြည့်ဝခဲ့ပါ။
ထို့နေ့က ကျွန်မ ခပ်လှမ်းလှမ်းမှ တွေ့မြင်ခဲ့ရသည့်အထဲတွင် ကိုးကန့်စော်ဘွားကြီးလည်းမပါ၊ မမလေး ယန်းအော့ လည်း မပါဝင်ခဲ့။
စော်ဘွားဟော်နန်းရှေ့ စင်မြင်ပေါ်တွင် ကျွန်မ တွေ့မြင်ခဲ့ရသည်က တချိန်က တပ်မှူးလေးလော တဖြစ်လဲ..ကိုးကန့်ကာကွယ်ရေးခေါင်းဆောင် အရှေ့မြောက်စစ်ဒေသမှူး တပ်မှူး ဖုန် တို့ပင်။
သူတို့ကား ကျွန်မ စိတ်ကူးထဲကကဲ့သို့ နုနယ်ပျိုမြစ်သူများမဟုတ်တော့။
လူလတ်ပိုင်းအရွယ်အမျိုးသားကြီးများဖြစ်နေကြပေပြီ။
………………………………………….
၁၉၆၂ တွင် ဗိုလ်ချုပ်နေဝင်းဉီးဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့သည်။
အာဏာသိမ်းယူပြီးသည့်နောက် ကိုးကန့်စော်ဘွား ယန်းကျဲချိုင်အား လားရှိုးမြို့၊ မမလေး ယန်းအော့အား ရန်ကုန်မြို့၊ ယန်းကျဲချိုင်၏ညီ ယန်ဝန်းချိုင်အား မန္တလေးမြို့တို့တွင် အသီးသီးဖမ်းဆီးလိုက်ကြ၏။
စော်ဘွားမိသားစုများ ဖမ်းဆီးခံရပြီးသည့်နောက် စော်ဘွားလက်အောက်ခံတပ်မှူးများသည်လည်း အစိတ်စိတ်အမွှာမွှာကွဲပြားသွားခဲ့၏။
တောင်ကြီးမြို့တွင် ရောက်ရှိနေသော တပ်မှူးလော ကိုလည်း မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သည်။
ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ၏ ကျောထောက်နောက်ခံဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသ ပေါ်ပေါက်လာခဲ့၏။
မာလိပါးသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်ရေးလှုပ်ရှားရာဒေသဖြစ်လာခဲ့သည်။
စော်ဘွားမိသားစုမရှိတော့သည့်နောက် သစ္စာရှိတပ်မှူး ဖုန်ညီနောင် တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းလိုက်ကြသည်။
တပ်မှူး ဖုန် သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်ပိုင်းစစ်ဒေသ ဉီးစီးမှူးဖြစ်လာခဲ့၏။
၁၉၇၂ ခုနှစ်။
ည၊ ပိန်းပိတ်အောင် မှောင်နေသည့်ည။
မိုးက တဖြိုက်ဖြိုက်။ လေကလည်း တဖြူးဖြူး။
တပ်မှူးဖုန်သည် ရှေးဟောင်းဟန်ခေတ် တရုတ်ပုံစံဆောက်ထားသည့် သူ၏ အိမ်ခြံဝန်းအတွင်း လက်ဖက်ရည်ဆောင်လေးတွင် တစ်ဦီးတည်းထိုင်နေ၏။
သူ၏ ခြေရင်းတွင် စီးကရက်ဖင်စီခံတို့က ပြန့်ကျဲလျက်။
သူသည် တစုံတယောက်အား စောင့်နေခြင်းပင်။
မကြာမီ ခြံတံခါးပွင့်လာ၏။
ထီးအနက်ရောင်တချောင်းနှင့်အတူ ပိန်ပိန်ပါးပါး လူတစ်ယောက် သူထံ ဉီးတည်လာနေသည်။
တပ်မှူးဖုန်က မတ်တပ်ထရပ်လိုက်၏။
သူနှင့် ဆွေမျိုးရင်းချာ၊ ယှဉ်ပြိုင်ဖက်၊ လုပ်ဖော်ကိုင်ဖက်ဟောင်း၊ ရန်သူ၊ မိတ်ဆွေ စသည့် ခေါင်းစဉ်များအောက်တွင် တပြိုင်တည်း ထည့်ထားနိုင်သည့်လူ။
ထိုသူက ထီးကို နံရံတွင် ထောင်လိုက်ပြီးနောက် ဖုန်အား တရုတ်ကူမင်တန်စစ်တပ်ပုံစံအတိုင်း အလေးပြုလိုက်၏။
ဖုန်ကလည်း အလေးပြန်ပြုလိုက်သည်။
ထို့နောက် ဖုန်က အကောင်းစားလက်ဖက်ခြောက်ခပ်ထားသည့် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့ကာ ကမ်းပေးလိုက်၏။
“အဝေးကြီးကလာခဲ့ရတာပဲ..တပ်မှူးလော”
“အကိုဖုန် နေကောင်းပါရဲ့လား”
“ကောင်းပါတယ်”
ပြီးခဲ့သည့် နှစ်ကာလများအတွင်း သူတို့နှစ်ဉီး၏ စစ်မြေပြင်တွင် ထိပ်တိုက်တွေ့ဆုံမှုအကြိမ်ကြိမ်ရှိခဲ့သည်။ သူတို့၏ ခေါင်းဆောင်မှုအောက်တွင် အသက်ပေးသွားသူများလည်း ရာဂဏန်းရှိခဲ့သည်။
မကြာမီ လပိုင်းအတွင်းတွင်လည်း သူတို့ တစ်ဖက်စီဝင်ရောက်တိုက်ခိုက်ပေးနေသည့် ဗမာစစ်တပ်နှင့် ဗကပ တပ်တို့အကြား ထိုးစစ်ကြီးများစတင်ရန်ကား ရှိနေသည်။
သို့သော် သူတို့ကား ရေနွေးကြမ်းခွက်ချင်းတိုက်ကာ…တစ်ဘူးတည်းသော စီးကရက်ကို တစ်မိုးအောက်တွင် အတူသောက်နေကြသည်က..။
အခြားမဟုတ်။
ပြိုပျက်သွားခဲ့ပြီဖြစ်သော ယန်စော်ဘွား၏ မာလိပါးဘိန်းအင်ပါယာနှင့် ဒေသခံကာကွယ်ရေးခေါင်းဆောင်ငယ်များအား ခွဲဝေယူကြရန်ကိစ္စ။
ဘိန်းစိုက်ပျိုးမှုဒေသများသည် သူတို့၏ စီးပွားရေးသာမက အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အရေးပါနေပြီမို့…သူတို့ တွေ့ဆုံကြခြင်း။
မကြာမီ မာလိပါးမှ စော်ဘွားလက်အောက်ခံဖြစ်ခဲ့ဖူးသော ကာကွယ်ရေးခေါင်းဆောင်ငယ်များကို လောက်ကိုင်သို့ အစည်းအဝေးခေါ်ယူပြီး….သူတို့၏ နယ်မြေခွဲခြမ်းရေးကို အတည်ပြုကြမည်ဖြစ်သည်။
ခေါင်းဆောင်ငယ်၏ ရွေးချယ်မှုကို ဖုန်နှင့် လော တို့က ခံယူကြမည်။
………………………………………….
“တပ်မှူးလေးလော ကလည်း…သမီးထင်သလိုမဟုတ်ဘူး…အသက်ကြီးနေပြီပဲ..အဖေ”
လောက်ကိုင်မှ အပြန်ခရီးတွင် ကျွန်မ၏ စကားကို အဖေက ဘာမှ မတုန့်ပြန်ပါ။ အဖေ့စိတ်ထဲ တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးနေပုံလည်းရပါသည်။
အတော်လေးကြာမှ အဖေက စကားတစ်ခွန်းပြန်ပြောသည်။
“အဖေတို့ရဲ့ ခေါင်းဆောင်က စော်ဘွားကြီးမဟုတ်တော့ဘူးသမီး… တပ်မှူးလော ဟာ အဖေ့ရဲ့ ခေါင်းဆောင်ဖြစ်သွားပြီ..အဖေကိုယ်တိုင် သူ့ဘက်ပါဖို့ ရွေးချယ်ခဲ့တာပဲ”
“ဒါဆို တပ်မှူးလောက စော်ဘွားဖြစ်သွားတာလား..အဖေ..မမလေးယန်းအော့ကရော..ပြန်မလာဘူးလား”
“ဟိုး..ဗမာပြည်က စစ်တပ်တွေက မမလေးယန်းအော့တို့ကို ဘယ်တော့မှ ဒီနယ်မြေမှာ ခြေချခွင့်ပြုတော့မှာမဟုတ်ဘူး..သမီး..နောက်ပြီး ဒီဒေသမှာရောက်နေတဲ့ ဗကပတွေကလည်း သူတို့ကို ပေးပြန်လာမှာမဟုတ်တော့ဘူး”
“ဗမာစစ်တပ်နဲ့ ဗကပ တွေမှာ ဘယ်သူက လူဆိုးတွေလဲ..အဖေ…တပ်မှူးလောနဲ့ တပ်မှူးဖုန်ကရော..မာလိပါးသားတွေချင်းအတူတူ ဘာလို့ မပူးပေါင်းကြတာလဲ..အဖေ”
အဖေ့ထံမှ သက်ပြင်းသံသာ ကျွန်မကြားရပါတော့သည်။
ထို့နောက်ပိုင်းတွင်တော့ အဖေသည် အိမ်ထဲတွင် နေရင်း သူ၏ ရိုင်ဖယ်သေနတ်ကိုသာ အမြဲတမ်း ပွတ်တိုက်နေပါတော့သည်။
ကျွန်မတို့ရွာနှင့် ခပ်ဝေးဝေး မာလိပါးတောင်တန်းများတစ်ဖက်စီတွင် လက်နက်ကြီးသံများ ၊ ပစ်ခတ်သံများ နေ့စဉ်ရပ်ဆက်ကြားရရ၏။
တရက်တွင် အဖေနှင့် ရွာမှလူငယ်များ လက်နက်ကိုယ်စီဖြင့် ထွက်သွားကြသည်။
အဖေတို့သည် တပ်မှူးလော၏ တပ်များနှင့် သွားရောက်ပူးပေါင်းကာ စစ်တိုက်ရခြင်းပင်။
နှစ်ပတ်ခန့်အကြာတွင် အဖေ ပြန်လာသည်။ ဂျာနူးတို့ မောင်နှမက အဖေ့ကို ဝမ်းသာအားရပွေ့ဖက်ကြို သော်လည်း အဖေ့ မျက်နှာက မကောင်းလှ။
ထို့နေ့ညက အဖေနှင့် အမေ စကားများကြသည်။ မည်သည့်အခါမှ အဖေ့အား အတိုက်အခံမလုပ်ပဲ..ဘိန်းရှူခြင်းဖြင့်သာ ငြိမ်သက်နေလေ့ရှိသည့် အမေသည် ယခုတကြိမ်တွင်တော့ ခါးခါးသီးသီး။
တစ်ရွာလုံးရှိ အရွယ်ရှိသည့် ယောက်ျားတိုင်း တပ်မှူးလော၏ တပ်တွင် စစ်မှုထမ်းလိုက်ရမည်။ ထိုထဲတွင် ကျွန်မ၏ အကို မဂမ် လည်းပါဝင်သည် ဟု အဖေနှင့်အမေ၏ ပြောစကားများအရ ကျွန်မသိရပါသည်။
နောက်နှစ်ရက်အကြာတွင်တော့…အဖေ နှင့် အကိုသည် ရွာမှ လူငယ်၊လူလတ်ယောက်ျားသားများနှင့်အတူ ထွက်ခွာသွားပါတော့သည်။
အဖေနှင့်အကို မရှိချိန်တွင် အမေက ဘိန်းကိုသာ ဆက်လက်ရှူဆဲ၊ ရှုမြဲ။
ကျွန်မနှင့်အမေ စားသောက်ဖို့ကို ကျွန်မပင် ချက်ပြုတ်ရသည်။ တောင်ယာချိန်များ စခါနီးတွင်တော့ အဖေနှင့် အကို တို့ ပြန်ရောက်လာကြသည်။
စစ်ပွဲများ ခေတ္တရပ်နားပြီး တောင်ယာချိန်ရောက်ပြီမဟုတ်လား။
ကျွန်မအကို မဂမ်မှာ စစ်ပွဲမှ ပြန်လာပြီးသည့်နောက်ပိုင်း ယခင်နှင့် ကွာခြားသွားခဲ့ပြီကို ကျွန်မ သတိထားမိပါသည်။
အသက်ဆယ့်သုံးနှစ်အရွယ် အကိုမှာ ကျွန်မတို့ဆီမှထွက်သွားခါစကလို ကလေးတစ်ယောက်စိတ်မျိုးမရှိတော့။
တစ်စုံတစ်ခုကို ကြောက်ရွံ့စိတ် ၊ သံသယဝင်စိတ်နှင့် တိုက်ခိုက်အနိုင်ယူလိုစိတ်များသာ ကြီးစိုးနေတော့၏။
အဖေနှင့်အကိုတို့ ပြန်ရောက်ပြီး တလအကြာတွင် အဖေနှင့် သူ့လူများ အစည်းအဝေးဟုဆိုကာ ထွက်ခွာသွားကြပြန်သည်။
ယခုတခေါက် အဖေပြန်ရောက်လာချိန်တွင်တော့ ကျွန်မတို့ မိသားစု၏ ကံကြမ္မာ ပြောင်းလဲဖို့ ဖန်လာပါတော့၏။
ကျွန်မတို့တရွာလုံးမှ လက်ဖက်ခင်းများအားလုံးကိုလည်း ဖျက်စီးပစ်ပြီး ဘိန်းစိုက်ပျိုးမြေအဖြစ် ပြောင်းလဲပစ်ရမည်ဟု တပ်မှူးလော ၏ ကာကွယ်ရေးတပ်ဖွဲ့က အမိန့်ထုတ်လိုက်သည်။
အမေ့မိဘများလက်ဖွဲ့ထားခဲ့သော ကျွန်မတို့၏ လက်ဖက်ခင်းများ လည်း ပါဝင်နေသည်တဲ့။
အမိန့်ထုတ်သူက အဖေ လေးစားရသည့် တပ်မှူးလော။
ထူးခြားသည်က ဘိန်းကို တမက်တမော အမြဲတမ်းရှုလေ့ရှိသည့်အမေက သည်တကြိမ်တွင်လည်း ထိုကိစ္စကို ခါးခါးသီးသီးငြင်းဆန်ခဲ့သည်။
အမေသာ မက တစ်ရွာလုံးနီးပါးက ထိုကိစ္စကို လက်မခံနိုင်ကြောင်း အဖေ့ကို တင်ပြကြ၏။
တရွာလုံးမှ ယောက်ျားသားများက စစ်မှုထမ်းလိုက်ပေးခဲ့ရသည့်အပြင်၊ ရိုးရာလက်ဖက်စိုက်ခင်းများကို ဘိန်းခင်းအဖြစ် ပြောင်းလဲပေးရမည့်ကိစ္စ တွင်တော့ တရွာလုံးက လက်မခံကြတော့။
သည်တကြိမ်တွင်တော့ အဖေသည် အမေ့၏ ဆန္ဒရော၊ ရွာသားများ၏ ဆန္ဒကိုပါ မဆန့်ကျင်တော့ပါ။
တပ်မှူးလောခေါ်သည့် အစည်းအဝေးများကိုလည်း အဖေ မသွားတော့။
တဖက်တွင်လည်း မာလိပါးတောင်တန်းတစ်ဖက်ခြမ်း ရှမ်းနယ်ဆီက တပ်မှူးခွန်ဆာ ထံတွင် အမှုထမ်းပြီး ပြန်လာသည့် ရွာခံလူငယ်အချို့က အဖေ့ထံ ဝင်ထွက်နေကြသည်။
ခွန်ဆာ၏ ဘိန်းသယ်ယူသည့်ကုန်တန်းများကို နယ်မြေအလိုက်စောင့်ရှောက်ပေးရုံဖြင့် အခကြေးငွေရသည့်အပြင်..ဘိန်းကိုလည်း မိမိကိုယ်တိုင်သဘောတူမှ မိမိသာစိုက်ပျိုးရမည်ဖြစ်ကြောင်း ကမ်းလှမ်းမှုများကို ခွန်ဆာ၏တပ်မှူးအချို့ထံမှ အဖေရရှိခဲ့သည်။
အဖေသည် မာလိပါးနှင့် ရှမ်းနယ်စပ်ဖြစ်သော ကျွန်မတို့ရွာကလေး၏ လုံခြုံရေးအတွက် စစ်ဘုရင်တစ်ယောက်၏ အရိပ်ကိုတော့ မဖြစ်မနေခိုလှုံရမည်ဖြစ်ကြောင်း ရိပ်စားမိဟန်တူ၏။
ခွန်ဆာ၏ စည်းလုံးညီညွတ်သည့်ရှမ်း တပ်မတော် (Shan United Army) စစ်ဉီးစီးချုပ် ကျန်စုရှင် နှင့် အဖေတို့အကြား ကြားခံဆက်သားများဖြင့် အဆက်အသွယ်ရှိလာသည်။
ဘိန်းခြစ်ရာသီဖြစ်သည့် နွေဉီးအစ တညနေခင်း။
အမေနှင့် ကျွန်မတို့ မောင်နှမ သည် ညစားစားရန်အတွက် အဖေ့ကို စောင့်နေကြသည်။
မနက်ကတည်းကအဖေနှင့် သူ့တပည့်အချို့မှာ အလုပ်ကိစ္စဟုဆိုကာ တစ်ဖက်ရွာသို့ ထွက်သွားကြခြင်းဖြစ်၏။
ထိုအချိန်တွင် အဖေ့တပည့်ဖြစ်သော ရှမ်ဝမ်းသည် ကျွန်မတို့ အိမ်ဖက်သို့ ခပ်သုတ်သုတ်လျှောက်လာသည်ကိုတွေ့ရသည်။
သူ့လက်ထဲတွင်လည်း ကာဘိုင်သေနတ်တစ်လက်ဖြင့်။
ရှမ်ဝမ်းကို မြင်သည်နှင့် အမေက အိမ်ပေါ်မှ ဆင်းလိုက်သည်။ ရှမ်းဝမ်းနှင့် အမေတို့ ခပ်တိုးတိုးစကားပြောကြ၏။
ရှမ်ဝမ်းက ကာဘိုင်သေနတ်ကို ကိုင်ကာ ကျွန်မတို့ ခြံဝန်းရှေ့တွင် ဒူးထောက်လျက် နေရာယူထားသည်။
အမေက အိမ်ပေါ်သို့ အမြန်ပြေးတက်လာပြီး…အဝတ်အစားအချို့ကို သိမ်းဆည်းနေ၏။
“ဒိုင်း..ဒိုင်း..ဒိုင်း”
အိမ်ရှေ့မှ သေနတ်သံများ။
ကျွန်မ အလန့်တကြားဖြင့် ဝပ်ထားလိုက်ပြီး ထရံပေါက်မှ တဆင့် အိမ်ရှေ့သို့ လှမ်းကြည့်လိုက်မိသည်။
အိမ်ရှေ့ခြံစည်းရိုးတွင် နေရာယူနေသော အဖေ့တပည့် ရှမ်ဝမ်းမှာ သွေးအလူလူးဖြင့် လဲကျနေပေပြီ။
“မဂမ်..နင့်ဉီးလေး တာ့ကျော် ရှိတဲ့ရွာကိုပြေး..အဲ့ဒီနေရာက ကေအိုင်အေနယ်ပဲ..သူတို့မလိုက်လာရဲဘူး..အမေနဲ့ ဂျာနူး နောက်ကလိုက်ခဲ့မယ်..ပြေး..ပြေး”
အကိုမဂမ်မှာ အိမ်နောက်ဖေးပေါက်မှ ခုန်ချထွက်သွားသည်ကို ကျွန်မနောက်ဆုံးမြင်လိုက်ရသည်။
အမေသည် ကျွန်မအနားသို့ ရောက်လာပြီး ကျွန်မ အား ဖက်ထား၏။
ထိုအချိန်တွင် သေနတ်ကိုယ်စီကိုင်ထားသော လူများ..ကျွန်မတို့၏ ခြေတံရှည်အိမ်လေးပေါ်သို့ တက်လာကြတော့သည်။
ရှေ့ဆုံးမှ တက်လာသည့်သူကို ကျွန်မ သေချာမော့ကြည့်မိလိုက်၏။
တပ်မှူးလောနှင့် ရုပ်ချင်းဆင်သည့်တစ်ယောက် ။ လောက်ကိုင်အစည်းအဝေးတွင် တပ်မှူလောဘေးမှ ရပ်နေသည့်သူ။ သူ့ကို ဂျာနူး ကောင်းကောင်းမှတ်မိသည်။
“နင်က..ဇော်ဆိုင်း မယားလား”
အမေသည် ကျွန်မအား ဖက်ထားရာမှ လွှတ်ပြီး…တပ်မှူးလော ထံသို့ ဝမ်းလျားထိုးမှောက်ကာ ခြေသလုံးကို ဖက်လိုက်သည်။
“ကျွန်မတို့ အသက်ကို ချမ်းသာပေးပါ..သခင်ကြီး..ကျွန်မတို့ အသက်ကို ချမ်းသာပေးပါ”
“နင်တို့ သားရော”
“သူလည်း အိမ်မှာ မရှိပါဘူး..သခင်ကြီး”
“နင့်လင်က ခွန်ဆာနဲ့ ဆက်သွယ်နေတာမဟုတ်လား..နင့်လင်သတင်းပေးလို့ ငါတို့ ဘိန်းတန်းကို ခွန်ဆာက ဖြတ်တိုက်ပြီး လုသွားခဲ့တာ…ငါတို့အတွက် ဘယ်လောက်နစ်နာတယ်ထင်လဲ”
“ကျွန်မတို့ ဘာမှ မသိပါဘူး…သခင်ကြီး”
“ဒီရွာမှာ နင့်တို့မိသားစုကခေါင်းဆောင်ပြီး ငါတို့ အမိန့်ကို ဆန့်ကျင်တယ်..ဒါတင်မကဘူး..ခွန်ဆာနဲ့ပေါင်းပြီး ငါတို့ကို သစ္စာဖောက်တယ်..နင့်လင်ဇော်ဆိုင်နဲ့အတူတူ တစ်မိသားစုလုံးကို စံပြအနေနဲ့ ကွပ်မျက်ဖို့..ငါတို့ အမိန့်ချထားပြီ.နင့်သားရော..ဘယ်မလဲ”
“မရှိပါဘူး..သခင်ကြီး..ကျွန်မသားလည်းမရှိပါဘူး..ကျွန်မ သမီးလေးကိုလည်း မသတ်ပါနဲ့”
သခင်ကြီးဆိုသူက အမေ့၏ ဆံပင်ကို လက်ဖြင့် ဆွဲကာ မယူလိုက်သည်။
“မျက်စိကို မှိတ်ထား”
ထို့နောက် အမေ့၏ နဖူးကို သူ့လက်ထဲမှ ပစ္စတိုသေနတ်ဖြင့် တေ့လိုက်၏။
“စစ်မင်း..ခဏနေဉီး..ကလေးရှေ့မှာ မလုပ်နဲ့..ကလေးကို ငါ့ဆီ ခေါ်လာခဲ့”
အိမ်လှေကားရင်းထံမှ အသံတစ်ခု။
“ဒီကောင်မကို ပြီးတာနဲ့ ပစ်သတ်လိုက်”
စစ်မင်းဆိုသူ က ကျွန်မ၏ လက်ကို ချိုင်းကြားကနေ ခပ်ကြမ်းကြမ်းဆွဲထူလိုက်သည်။ ထို့နောက် လှေကားရင်းသို့ ဆွဲခေါ်သွား၏။
လှေကားရင်းတွင် စီးကရက်ထိုင်သောက်နေသည့် လူတစ်ယောက်။
သူ့ရှေ့တွင် ကျွန်မကို ဒူးထောက်ခိုင်းထားသည်။
“ဒိုင်း”
အိမ်ပေါ်မှ သေနတ်သံတချက်။
ကျွန်မ လန့်လွန်းသဖြင့် တုန်တက်သွား၏။
ထိုသူက ကျွန်မ၏ ပုခုံးကို ကိုင်ကာ ခေါင်းကို ပွတ်လိုက်သည်။
“ဘာမှမဖြစ်ဘူး”
ကျွန်မ သူကို မော့ကြည့်လိုက်၏။
“တပ်မှူး လော”
ကျွန်မပါးစပ်မှ အသံထွက်သွားသဖြင့် သူက ရုတ်တရတ်ကြောင်သွားပုံရသည်။
“သမီးက ဘဘကို သိလို့လား”
ဂျာနူး ခေါင်းညိတ်ပြလိုက်သည်။
တပ်မှူးလောက ဂျာနူးကို အကြာကြီးစိုက်ကြည့်နေ၏။
“သမီးနာမည်..ဘယ်လိုခေါ်လဲ”
“ဂျာ..ဂျာ..နူး”
“ဘာမှ မကြောက်နဲ့နော်”
အိပ်ပေါ်မှ လူများဆင်းလာသဖြင့် ကျွန်မ လှည့်ကြည့်မိလိုက်သည်။
“အနောက်ကို လှည့်မကြည့်နဲ့..သမီး”
တပ်မှူးလောက ကျွန်မ၏ ပုခုံးကို ဆွဲလှည့်လိုက်၏။
“အကိုကြီး…ဒီဟာမလေးကိုရော”
“နေ..စစ်မင်း…ငါ သူ့ကို ခေါ်သွားမယ်”
တပ်မှူးလော က ကျွန်မကို သူစီးလာသည့် ဂျစ်ကားပေါ်သို့ ပွေ့ချီသွားသည်။
ဂျစ်ကားပေါ်မှ ကျွန်မ၏ အိမ်လေးဆီသို့ လှမ်းကြည့်သည့်အခါ ကြမ်းကြားမှ တစိမ့်စိမ့်ယိုကျနေသည့် သွေးစက်များ။
“ဂျာနူး…ဒီနေ့ကစပြီး..ဂျာနူး က အပါးကြီးသမီးဖြစ်သွားပြီ”
တပ်မှူးလော စကားကို ဂျာနူး စိတ်မဝင်စား။ နဘေးမှ စစ်မင်းဆိုသူကလည်း ပါးစပ်အဟောင်းသားဖြင့်။
“စစ်မင်း…သူ့ကို ငါဘာလို့ မသတ်ခိုင်းလဲသိလား”
“မသိဘူး..အကိုကြီး”
“ဒီကလေးမ မျက်လုံးတွေကိုကြည့်စမ်း…မမလေးယန်းအော့ နဲ့ မတူဘူးလား”
ခက်ဇော်
အခန်း ၃၀ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>