အီတလီတွင် လူရှစ်သောင်းခွဲကျော် ရောဂါပိုးကူးစက်ခံရပြီး ကိုးထောင် ကျော် သေဆုံးခဲ့ရသည်။ ရောဂါစတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင်ပင် လူ ရှစ်သောင်းကျော် ရောဂါပိုးကူးစက်ခံရပြီး သုံးထောင်ကျော်သာ သေဆုံးခဲ့သည်။
အီတလီမှာ တရုတ်နိုင်ငံပြီးနောက် ၁၉ ရက်အကြာတွင်မှ ရောဂါပိုးစတွေ့ ခဲ့သော်လည်း သေဆုံးသူဦးရေ ကြောက်ခမန်းလိလိ တိုးလာပြီး ကမ္ဘာပေါ်တွင် ကိုဗစ်နိုင်တီး ရောဂါကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
အီတလီတွင် ထိန်းမနိုင် သိမ်းမရ ထိုသို့ လူသေဆုံးမှု မြင့်မားရခြင်းနှင့် ပတ်သက်၍ အီတလီအစိုးရ၏ ကိုင်တွယ်ပုံ သင်ခန်းစာများကို ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်၏ မဂ္ဂဇင်းတစ်ခုဖြစ်သော Harvard Business Review က မတ်လ ၂၇ ရက်နေ့ထုတ် ဆောင်းပါးတစ်ရပ်တွင် ထောက်ပြ ဝေဖန်ထားသည်။
ဆောင်းပါးပါ အဓိကသင်ခန်းစာ လေးချက်အနက် အချို့မှာ ကိုဗစ်ရောဂါ ကူးစက်မှုကို သာမန် ရိုးရိုးရောဂါကဲ့သို့ စဉ်းစားခြင်း၊ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကန့်သတ်လုပ်ဆောင် ရာတွင် သာမန်အရေးအရာကဲ့သို့ တစ်ဆင့်ခြင်း တဖြည်းဖြည်း ဆောင်ရွက်ခြင်းတို့လည်း ပါဝင်သည်။
ဆိုလိုသည်မှာ သာမန်အရေးပေါ် အခြေအနေတစ်ခု ဖြစ်လာပါက ချမှတ်ထားသော လုပ်ထုံး လုပ်နည်းများနှင့်အညီ ရှေးရိုးနည်းအတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်မှုကြောင့် ရောဂါကို ကြိုတင်ကာကွယ်ရာ မကျတော့ဘဲ “ရောဂါက ဦးစွာဖြစ် နောက်မှ လိုက်ရှင်း”သည့် ပုံစံဖြစ်သွားခြင်း ဖြစ်သည်။ နောက်ဆုံး ခြေမနိုင်လက်မနိုင် ဖြစ်သွားခြင်း ဖြစ်သည်။
ထိုကြောင့် ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ ကိုင်တွယ်ဖြေရှင်းမှသာ ရောဂါပိုး ကူးစက်ပျံ့ပွားမှုနှုန်းကို ထိန်းနိုင်မည်ဖြစ်ကြောင်း တရုတ်၊ တောင်ကိုးရီးယား၊ စင်ကာပူတို့၏ ကိုင်တွယ်ပုံနှင့် နှိုင်းယှဉ်၍ ဆောင်းပါးတွင် အလေးပေး ဖော်ပြ ထားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူတို့ အနေနှင့် ရာစုနှစ်တစ်ခုတွင်မှ ရှားရှားပါးပါး ဖြစ်လာသော ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာတွင် စဉ်းစားထောက်ချင့်စရာ များစွာရှိသည်ကို နားလည်ပါသည်။ သို့သော် အစိုးရအနေနှင့် တားမြစ်ထုတ်ပြန် ထားသည်များကို အသက်ဝင်အောင် ဆောင်ရွက်ရာတွင်ပင် ပျော့ညံ့စွာ လျော့တိ လျော့ရဲ ကိုင်တွယ်နေသည်ကို ရင်မောဖွယ် မြင်တွေ့နေရသည်။
ထို့ထက်ပို၍ ကြိုတင်ကန့်သတ် လုပ်ကိုင်ဆောင်ရွက်သင့်သည်များကို ပြတ်ပြတ်သားသား မကိုင်တွယ်ပါက ဆပွားနှုန်းဖြင့် ပျော်ပျော်ကြီး ဦးရေတိုးနေ သော ကိုရိုနာရောဂါပိုးကို ထိန်းချုပ်ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း လေးနက် စွာ ဖော်ပြလိုရင်း ဖြစ်သည်။
အယ်ဒီတာ (မတ် ၂၈၊ ၂၀၂၀)