မြိတ်မြို့တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းမတိုင်၍ဟုဆိုကာဖမ်းဆီးပြီး စစ်မှုထမ်းအတွက် စစ်သားစုဆောင်းမှုများ လုပ်ဆောင်လာကြောင်း အဖမ်းခံရသူများနှင့်နီးစပ်သူများ၊ မြို့ခံအချို့၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစကာ နေအိမ်များတွင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများလာပြီး လတ်တလောတွင်ပင် ယင်းကဲ့ဖမ်းဆီးမှု ဖြစ်စဉ် ၃ ခုထက်မနည်းရှိကြောင်း မြို့ခံအချို့က ဆိုသည်။
ဧည့်စာရင်းတိုင်ထားခြင်း မရှိဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် ပြန်မလွှတ်တော့ဘဲ စစ်မှုထမ်းရန်အတွက် စစ်တပ်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သူငယ်ချင်းက သူ့အလုပ်မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ညကြီးဖမ်းတာခံလိုက်ရတာ။ ပြီးတော့စစ်တပ်ထဲခေါ်သွားတယ်။ သူ့မိသားစုက ပိုက်ဆံတောင်းသလောက်ပေးပြီး ထုတ်မယ်ဆိုတာတောင် မရဘူး။ တွေ့ခွင့်လည်းမပေးဘူး” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။
ထို့အပြင် ဧည့်စာရင်းစစ်ချိန်တွင်လည်း လူငယ်ပိုင်းယောက်ျားလေးများကို ပိုမိုစစ်ဆေးလေ့ရှိပြီး ၎င်းတို့မသင်္ကာပါက ဖမ်းဆီးသွားလေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အမျိုးသမီးတစ်ဦးကပြောသည်။
“ဧည့်စာရင်းစစ်တာက အရမ်းကြမ်းတယ်။ ပြီးတော့ယောကျ်ားလေးတွေကိုဆိုရင် အရမ်းရစ်တယ်။ ဧည့်စာရင်းတိုင်ထားရင်တောင် သူတို့ကြည့်မရရင်ခေါ်သွားတယ်။ ပြီးရင်ခြိမ်းခြောက် ငွေညစ်တာမျိုးလုပ်တယ်။ ဆင်ခြေဖုံးရပ်ကွက်တွေဆိုရင်ပိုခံရတယ်” ဟု အထက်ပါ အမျိုးသမီးကပြောသည်။
ထိုသို့ ဧည့်စာရင်းစစ်ရာတွင်လည်း မြိတ်မြို့ပေါ်ရပ်ကွက်တိုင်းတွင် ပုံမှန်စစ်လေ့မရှိသော်လည်း အခြေခံလူတန်းစားများသည့် မြို့ဆင်ခြေဖုံးရပ်ကွက်များတွင် ပိုမိုစစ်ဆေးလေ့ရှိကြောင်း မြို့ခံများထံမှသိရသည်။