BREAKING
January 30, 2025

ထားဝယ်မြို့ပေါ်က လောင်းကစားဝိုင်းနှစ်ခု စစ်ကောင်စီတပ်ဝင်ဖမ်း

January 30, 2025

ပုံစာ - ထားဝယ်ခရိုင်အတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် လောင်းကစားဝိုင်းအားမြင်တွေ့ရစဥ် ။ ဓာတ်ပုံ - ပေးပို့

ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ လောင်းကစားဝိုင်းနှစ်ခုကို ဇန်နဝါရီလ ၂၉ရက်တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် ကစားဝိုင်းမှ ထွက်ပြေးလာသူများထံမှ သိရသည်။

တလိုင်းမရပ်ကွက်တွင် ပြုလုပ်နေသည့် အန်ဂလုံဝိုင်းကို ဇန်နဝါရီလ ၂၉ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် ဝင်ရောက် ဖမ်းဆီးကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ကစားသမား၊ ထိုးသားတွေကို ခဏပဲ ဒူးထောက်ထိုင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒိုင်လုပ်တဲ့လူတစ်ယောက်ကိုတော့ ခေါ်သွားတယ်။ ဒိုင်က တလိုင်းမရပ်ကွက်ကတော့ မဟုတ်ဘူး။ အခြားနေရာကလာပြီး ဝိုင်းလာလုပ်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါအန်ဂလုံဝိုင်းသည် ရပ်ကွက်အတွင်း နေရာအတည်တကျ ပြုလုပ်နေခြင်းမဟုတ်ဘဲ လူစည်းကားသည့် နေရာ၊ ပွဲများ တွင် ရွှေ့ပြောင်းလုပ်ဆောင်နေပြီး ဝိုင်းထောင်ထားသည်မှာ သုံးရက်ခန့်သာရှိသေးကြောင်း တလိုင်းမရပ်ကွက်နေသူများထံမှ သိရသည် ။

ဇန်နဝါရီလ ၂၉ရက် ညနေပိုင်းတွင်မူ ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက် မြို့ရှောင်ပတ်လမ်းအနီးတွင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်သားများလာသဖြင့် ထွက်ပြေးကြကြောင်း ကစားဝိုင်းမှ ထွက်ပြေးလာသူများ ပြောဆိုသည်။

“တကယ်က ဝင်ဖမ်းတာမဟုတ်ဘူး။ ရွှေဂူတံတားဂိတ်ပစ်ခံနေရလို့ စစ်ကူလာကြတာ။ ကစားဝိုင်းကတွေကလည်း သိမ်းဖို့ လုပ်နေချိန် စစ်သားတွေရောက်လာပြီး မဖမ်းဘူး မပြေးနဲ့ အရင်ပြောတယ်။ ပြီးမှ သေနတ်ထဖောက်တော့ အကုန်ပြေးကုန်တယ်” ဟု ကစားဝိုင်းမှ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

ကစားဝိုင်းလာသူများ ထွက်ပြေးကြသဖြင့် အဖမ်းခံရသူမရှိခဲ့သော်လည်း ကစားဝိုင်းအတွင်းကျန်ခဲ့သည့် ငွေသားများအားလုံး အသိမ်းခံလိုက်ရကြောင်း ၎င်းက ပြောဆိုသည်။

ထွက်ပြေးသူများတွင် ကျန်ခဲ့သည့် ကား၊ ဆိုင်ကယ်များကိုမူ စစ်ကောင်စီတပ်သားများ ယူဆောင်သွားခြင်းမရှိသဖြင့် ပြန်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောက်မော်ကြီးရပ်ကွက်ရှိ လောင်းကစားဝိုင်းသည် စစ်ကောင်စီနှင့်နီးစပ်သူများက ဦးဆောင်ပြုလုပ်သည့် လောင်းကစားဝိုင်း ဖြစ်ကြောင်း ကစားဝိုင်းသွားသူများထံမှ သိရသည်။ ယင်းကစားဝိုင်းသည် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဗျောတောဝ စစ်ကောင်စီဂိတ်တို့နှင့်လည်း ရပ်ကွက်ချင်းကပ်လျက်တည်ရှိနေသည်။

အဆိုပါလောင်းကစားဝိုင်းသည် ပြီးခဲ့သည်နှစ် နိုဝင်ဘာလက ကနိုင်းဒါရွာတွင် PDF တပ်ရင်းတစ်ခု ဝင်ဖမ်းပြီးနောက် သပြေချောင်းရွာသို့ ရွှေ့လာပြီး ယင်းမှတစ်ဆင့် ကျောက်မော်ကြီးရပ်ကွက်သို့ ယခု ဇန်နဝါရီလအတွင်းရွှေ့လာခြင်း ဖြစ်ကြောင်း ကစားဝိုင်းသွားသူများထံမှ သိရသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင်ပင် လောင်းကစားဝိုင်း ငါးဝိုင်းထက်မနည်းရှိပြီး ညအချိန်အထိ ကစား၍ရသည့် ဝိုင်းများရှိကာ အရေးယူမှုအနေဖြင့် မရှိသလောက်နည်းပါးကြောင်း မြို့ခံများနှင့် လောင်းကစားအသိုင်းအဝိုင်းထံမှ သိရသည် ။

ထားဝယ်ခရိုင်ရှိ မြို့နယ်လေးခုစလုံးတွင် စစ်ကောင်စီထိန်းချုပ်နိုင်သည့်ဧရိယာအပြင် တော်လှန်ရေးအင်အားစု စိုးမိုးနိုင်သည့် နယ်မြေများတွင်ပါ ယခုနှစ်ပွင့်လင်းရာသီနတ်ပွဲကာလကစ၍ လောင်းကစားဝိုင်းများပြန်လည် ခေါင်းထောင်လာမှုနှင့် ပတ်သက်၍ ဒေသခံများအကြား ပြောဆိုဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။