တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သလို ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားအချို့ ဒဏ်ရာရသွားပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် တနင်္သာရီမြို့ပေါ် ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ လယ်တောင်ယာရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပါ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကပြောသည်။
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မချစ်ခွန်းချိုနှင့် ဒေါ်သန်းကြည်၊ မသီသီစိုး၊ ဒေါ်ချစ်၊ မသဲစုလှိုင်တို့ အရပ်သား ၅ ဦး ဒဏ်ရာရသွားကြောင်း လယ်တောင်ယာရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
“ဖွား(ဒေါ်)သန်းကြည်နဲ့ မသီသီစိုးက ခေါင်းထိဒဏ်ရာကြောင့် စိုးရိမ်ရတယ်။ အခု တနင်္သာရီမြို့က ဆေးရုံမှာ။ နေအိမ်တစ်လုံးလည်း ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကုသပေးတဲ့ တနင်္သာရီဆေးရုံကိုလည်း အဝင်အထွက် ပိတ်ထားတယ်လို့ကြားရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ထို့အပြင် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ နေအိမ်နှစ်လုံးမီးလောင်သွားကြောင်း ဘန်းလမွတ်ရွာနေ ဒေသခံများက ဆိုသည်။
“သူတို့(စကစ) ဘက်က ဒရုန်းသုံးစီးနဲ့လာချတာ။ ဒရုန်းဗုံးသီး အကြီးတစ်လုံးရောပါတယ်ပေါ့။ အရပ်သားနေအိမ်တွေကို ရမ်းသမ်းချသွားတာ။ အရပ်သားထိခိုက်မှုတော့ မရှိခဲ့ဘူး”ဟု ဘန်းလမွတ်ရွာနေ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ထိုသို့ပစ်ခတ်တိုက်ခိုက်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှုလည်းမရှိကြောင်း ဒေသခံများနှင့် အဆိုပါဒေသများတွင် စစ်ရေးလှုပ်ရှားနေသည့် ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း ဒရုန်းဖြင့်ဗုံးသီးချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ မကြာခဏလုပ်ဆောင်နေပြီး အရပ်သားထိခိုက်မှုများလည်း ရှိနေသည်။