ထားဝယ်-သရက်ချောင်းကားလမ်းပေါ်ရှိ ရွှေဂူတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်က သိမ်းယူမီးရှို့ ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာပြီးနောက် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေကြောင်း ဒေသခံအချို့က ပြောသည်။
ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တို့က ဇန်နဝါရီလ ၂၉ ရက် ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ ၃၀ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အခု မနက်မိုးလင်းမှာ ရွှေဂူတံတားထက်မှာက တချို့၊ စော်ဝရွာထဲမှာ တချို့ စစ်တပ်ကပြန်ပြီးနေရာယူထားတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
တော်လှန်ရေးတပ်တို့ကမူ ဇန်နဝါရီလ ၂၉ ရက်ညက စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကိုသိမ်းပြီး ဘန်ကာများကို မီးရှို့ဖျက်ဆီးထားသည့် ရုပ်သံမှတ်တမ်းကို သွားရောက်တိုက်ခိုက်ခဲ့သည့် ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားပြီးမှ စစ်ကောင်စီတပ်က အင်းအားရာချီဖြင့် ရွှေဂူတံတားအနီးဝန်းကျင်ကို စစ်ကြောင်းထိုးနေပြီး နယ်မြေရှင်းလင်းရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“အခုလက်ရှိအထိကတော့ ပစ်သံတွေ မကြားရသေးဘူး။ ငြိမ်နေတယ်လို့ ပြောလို့ရတာပေါ့နော်။ ဘယ်အချိန် ဘာဖြစ်လာမယ်မှန်းမသိတော့ သတိထားပြီးတော့ နေကြရတယ်။ ရှင်မုတ္တီးတို့ရွာတွေကတော့ မြို့တက်လို့ရနေတာဆိုတော့ မြို့တက်ရှောင်နေကြတဲ့သူတွေလည်းရှိနေတယ်။ အခုက ရှုပ်ထွေးနေသေးတော့ ဘာမှတိတိကျကျပြောလို့ မရနိုင်သေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့နံနက် ၁၀ နာရီကျော်က ပြောသည်။
ရွှေဂူတံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရချိန်က ယင်းစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ကိုးဦးရှိသည့်အနက် လေးဦးကို တော်လှန်ရေးတက်ဘက်က အရှင်ဖမ်းမိခဲ့ပြီး နှစ်ဦးသေးဆုံးကာ ကျန်သူများမှာ ထွက်ပြေးသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ဒူရကစစ်ကြောင်း၏ ထုတ်ပြန်ချက်အရမူ စစ်ကောင်စီတပ်သား အနည်းဆုံးငါးဦးသေဆုံးပြီး လေးဦးအရှင်ဖမ်းမိသည်ဟု ဆိုသည်။
ငါးနာရီကျော်ကြာသည့် အဆိုပါတိုက်ပွဲတွင် စိန်ပြောင်းတစ်လုံးအပါအဝင် လက်နက်မျိုးစုံ ၁၄ လက်၊ နင်းမိုင်း လေး လုံး၊ လက်ပစ်ဗုံး လေး လုံး၊ လိပ်ခုံမိုင်း ငါး လုံး၊ ဖုန်း ရှစ် လုံးနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်သည်။
ယင်းတိုက်ပွဲကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(PFP)၊ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ(၁) တို့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။